
၅.၄.၂၀၂၅
Written By Zun
အပစ်ရပ်ကြေညာထားသည်ကို အခွင့်ကောင်းယူဇောင်းကြွကာ ကျောက်မျက်ခိုးထုတ်နေသည့် တအာင်း ပလောင် အကြမ်းဖက် လက်နက်ကိုင် TNLA ကို တပ်မတော်က ယနေ့ ဧပြီလ ၅ ရက်တွင် လေကြောင်းမှ ဗုံးကြဲ ဆုံးမခဲ့ကြောင်း သိရသည်။
မိုးကုတ်တွင် ထွက်ရှိသော ပတ္တမြား၊ နီလာ ၊ ဥဿဖယား၊ ဂေါ်မိတ်၊ ပြောင်ဂေါင်းစိမ်း၊ ရောင်စုံ တွင်းထွက်ရတနာများကို TNLA အနေဖြင့် မိုးကုတ်မြို့ ဂေါက်ကွင်းနေရာများ၊ ကျောက်မျက် ရတနာတွင်းများတွင် “ဝ”၊ ကိုးကန့်တပ်နှင့်တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီများကို ခေါ်ယူ၍ ကျောက်တူးဖော်ခွင့်ပေးထားကာ ခိုးထုတ်ခြင်း ဖြစ်ကြောင်း သိရသည်။

“မိုးကုတ်ဆိုတာ သယံဇာတတွေ ရှိတဲ့ နေရာ။ အခုက တအာင်းတွေက အဲဒီ နိုင်ငံတော်သယံဇာတတွေကို ခိုးပြီးတော့ ထုတ်လုပ်နေတာလေ။ပရမ်းပတာ လုပ်နေတာ။ အခု လက်ရှိ တပ်မတော်ကနေပြီးတော့ ငလျင်ကိစ္စတွေ ကြောင့် ပြန်လည် ထူထောင်ရေးတွေ လုပ်ရမှာ ဖြစ်လို့ အပစ်ရပ်ထားတာကို အခွင့်ကောင်းယူပြီးတော့ ခိုးထုတ်တာ။ ဒါကြောင့် တပ်မတော်က ဗုံးကြဲ တားဆီးခဲ့တာ”ဟု တပ်မတော်သတင်းရင်းမြစ်တစ်ဦးက MT News ကို ပြောသည်။
ယနေ့ ဧပြီလ (၅)ရက် မွန်းလွဲ ၂ နာရီ ကျော်အချိန်က ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့အနောက်ပိုင်း ပင့်ကူတောင်အောက်အနီး ဗုံး (၂)လုံးကြဲချခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပြီး ဒဏ်ရာရသူ သေဆုံးသူ ရှိ မရှိကိုမူ ဖော်ပြထားခြင်း မရှိပေ။
“သူတို့က ဒေသခံတွေကိုတောင် ဘာမှ အခွင့်အရေးမပေးတော့တာလေ။ ကြာပြီ။သူတို့ က ကျွန်တော်တို့ မိုးကုတ်ကို သိမ်းတယ်ပြောတယ်။ သိမ်းပြီးတော့ ပြည်သူကို ကြည့်တာမဟုတ်ဘူး။ သူတို့ လုပ်ချင်တာ လုပ်ဖို့ သိမ်းထားတာ။ အခု လားရှိုးကို တပ်မတော်က ပြန်ယူမယ်လို့ ကြားတယ်။ မိုးကုတ်ကိုလည်း လာယူပါ။ ဒီပလောင်တွေ ရှိနေသရွှေ့ မိုးကုတ်မြို့က အေးအေးချမ်းချမ်းနေရမှာမဟုတ်ဘူး”ဟု မိုးကုတ်ဒေသခံတစ်ဦးက ပြောသည်။