
MT News
၅. ၄. ၂၀၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး DATO’ SERI UTAMA HAJI MOHAMAD HAJI HASAN နှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Maris Sangiampongsa တို့အား ယနေ့မနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ဧည့်ရိပ်သာ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီ တွဲဘက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးသန်းဆွေ၊ ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်အတူ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေနှင့် မြန်မာနိုင်ငံတွင် ပြင်းထန်ငလျင်လှုပ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ချိန် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များ စေလွှတ်ပေးခဲ့မှုနှင့် ကူညီကယ်ဆယ်ရေးအထောက်အကူပြု ပစ္စည်းများ ပေးပို့ခဲ့မှု အခြေအနေများ၊ လာရောက်ကူညီကြသည့် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံတွင် ကူညီကယ်ဆယ်ရေးစေတနာ့ဝန်ထမ်းများနှင့်အတူ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ငလျင်ဒဏ်သင့် ဒေသများတွင် အသေးစားခွဲစိတ်မှုများ ဆောင်ရွက်နိုင်မည့် ရွေ့လျားဆေးခန်း ဆောင်ရွက်ပေးမှုအခြေအနေများနှင့် စပ်လျဉ်းသည့် အခြေအနေများ၊ ငလျင်ဒဏ်သင့် ဒေသများ၌ အစားအသောက်များ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ လိုအပ်လျက်ရှိမှုနှင့် အပျက်အစီးများ ဖယ်ရှားမှုအတွက် စက်ကိရိယာပစ္စည်းများ လိုအပ်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်ပြီး ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။