
၅.၄.၂၀၂၅
Translated by Htwe Ko Tun
မြန်မာနိုင်ငံအာဏာပိုင်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာနိုင်ငံအတွင်းက ထွက်ပြေးလာတယ်ဆိုတဲ့ ဘင်္ဂါလီလူမျိုး ၈၀၀,၀၀၀ အနက် ၁၈၀,၀၀၀ ခန့်ကိုတော့ မြန်မာနိုင်ငံကို ပြန်လာဖို့ အရည်အချင်းပြည့်မီတယ်လို့ ခွဲခြားဖော်ထုတ်ခဲ့ပြီးဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက သတင်းဖော်ပြခဲ့ပါတယ်။
မူလစာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက ၂၀၁၈ မှ ၂၀၂၀ ခုနှစ်တွေအတွင်း ခြောက်သုတ်ခွဲပြီးပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် ဘင်္ဂါလီ ၇၀,၀၀၀ ခန့်ကို နောက်ဆုံးအတည်ပြုတာကတော့ သူတို့ရဲ့ပုံတွေနဲ့ အမည်တွေကိုပါ အထူးစိစစ်မှုနဲ့ ဆုံးဖြတ်ဖို့ရှိနေတယ်လို့ ဆိုပါတယ်။
ဒါကို မြန်မာအစိုးရ ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အကြံပေးပုဂ္ဂိုလ်ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်ဒေါက်တာ ခါလီလာရာမန်တို့ ဘန်ကောက်မြို့မှာကျင်းပတဲ့ ခြောက်ကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးဆွေးနွေးပွဲမှာတွေ့ဆုံကြခိုက် ဆွေးနွေးမှုအပြီး ဧပြီလ ၄ ရက်က ထုတ်ဖော်ပြောခဲ့ကြတာပါ။
အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်က မြန်မာနိုင်ငံအတွင်း မြေငလျင်ကြောင့် ထိခိုက်သေဆုံးရသူတွေအတွက် အထူးကိုယ်ချင်းစာပါတယ်လို့ပြောခဲ့ပြီး သဘာဝဘေးဒုက္ခရောက်နေတဲ့ပြည်သူတွေအတွက် လူသားချင်းစာနာမှု အထောက်အပံ့တွေပေးဖို့ ဘင်္ဂလားဒေ့ရှ်က အသင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။
ဘင်္ဂါလီအရေးအခင်းနဲ့ပတ်သက်လို့ ကာလကြာရှည်အကျပ်အတည်းတစ်ရပ်ဖြစ်နေရပြီးမှ အခုဆွေးနွေးချက်ရလဒ်က အဓိကတိုးတက်မှု ခြေလှမ်းတစ်ရပ်ကို နှစ်နိုင်ငံကြားရရှိခဲ့တာလို့ ဆိုရမှာပါ။
ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ မြန်မာနိုင်ငံကထွက်ပြေးလာတာဆိုတဲ့ ဘင်္ဂါလီမူလစာရင်းမှာ ကျန်နေတဲ့ဘင်္ဂါလီ ၅၅၀,၀၀၀ ကိုတော့ လျင်မြန်ထိရောက်တဲ့ အခြေခံနည်းလမ်းနဲ့ အတည်ပြုနိုင်ဖို့ဆောင်ရွက်သွားမယ်လို့ မြန်မာအာဏာပိုင်တွေက ပြောခဲ့ပါတယ်။
Ref -Dhaka Tribune