
၅.၄.၂၀၂၅
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံတွင် ခရီးသွားများလိုက်ပါလာသော ဗင်ကားတစ်စီးက မီတာ ၅၀ နက်သော လျှိုတစ်ခုအတွင်းသို့ ဧပြီလ ၄ ရက်ညက ပြုတ်ကျခဲ့ရာ အနည်းဆုံး လူငါးဦး သေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ကားက ဆာဒန်ဂါမြို့အတွင်း မြစ်တစ်ခုအနီးသို့ လျှိုအတွင်းမှ ထိုးကျခဲ့ကြောင်းလည်း သိရသည်။ ဆာဒန်ဂါမြို့ရဲတပ်ဖွဲ့က ဧပြီလ ၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့ရာ၌ ခရီးသွားများသာလိုက်ပါလာသော ဗင်ကားက ၎င်းတို့ကိုကာလင်ဂါပြည်နယ်၊ တင်ဂလာရန်မြို့၊ ဘတ်စ်ကာလန်ကျေးရွာနေ နာမည်ကျော်ဆေးမင်ကြောင် အနုပညာရှင် ဝှန်အော့ဒ်(Whang-od) ထံ လိုက်လံပို့ဆောင်စဉ် ဤသို့ဖြစ်ပွားရခြင်းဟု ပြောခဲ့သည်။
ထိုဖြစ်ရပ်က ဆီတီအိုကျေးရွာခွဲအနီးတွင် ည ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဟုလည်း သိရသည်။
ဖြစ်ရပ်တွင်သေဆုံးသူငါးဦး၌ အမျိုးသားသုံးဦး၊အမျိုးသမီးနှစ်ဦးတို့ ပါဝင်ပြီး အသက် ၄၅ နှစ်ရှိယာဉ် မောင်းမှာလည်း ထိုနေရာတွင်ပင်သေဆုံးခဲ့ခြင်းဟု သိရသည်။ ဒဏ်ရာရသူများကို ဆေးရုံသို့တင်ပို့ထားကြောင်းလည်းသိရသည်။
ထိုကဲ့သို့ယာဉ်မတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်းသိရသည်။
Ref- inquirer.net