MT News
Photo – Tha Doe
၂၀၂၀ ပြည့်နှစ် ကိုဗစ်ကာလမှာ ပြည်သူအများစု အလုပ်အကိုင်အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရသလို ၂၀၂၁ အာဏာပဋိပက္ခကြောင့်လည်း ကျပ်တည်းမှု ပိုမြင့်တက်လာတာ အခုဆို ပြည်သူလူထုဘဝ မပြေလည်မှုကာလ သုံးနှစ်ရှိပါပြီ။
ဒီလိုမျိုး ခက်ခဲကျပ်တည်းလှတဲ့ကာလတွေမှာ ပြည်သူအများစုဟာ စားရေးနဲ့ နေရေးကို ဦးစားပေးလာကြရသလို ဝတ်ရေးအတွက်လည်း ရေပန်းစားလာတာက ဘေထုပ်ပါ။ လူငယ်ထုကြားမှာတော့ ဘေထုပ်ကို Thrift ဒါမှမဟုတ် Vintage လို့လည်း ခေါ်ဆိုကြပြီး စနေ၊ တနင်္ဂနွေလို နေ့မျိုးတွေဟာ ရန်ကုန်မြို့ရဲ့ နာမည်ကျော် ကြည့်မြင်တိုင်ညစျေးက ဘေထုတ်တန်းဟာ တိုးမပေါက်အောင် စည်ကားနေတတ်ပါတယ်။
ကံကောင်းတဲ့ လူငယ်တစ်ယောက်ဟာ တိုးနိုင်ဝှေ့နိုင်ရင် သိန်းဂဏန်းရှိတဲ့ Adidas၊ Nike၊ Burberry၊ Hugo Boss စတာတွေကို ထောင်ဂဏန်းနဲ့ ရှာတွေ့နိုင်သလို သာမန်လူတွေ အသစ်ဝယ်ဝတ်ဖို့ခက်တဲ့ စျေးတန်းအမြင့်တစ်ခုမှာရှိတဲ့ Zara၊ Crocodile၊ Lacoste၊ GAP၊ Vans၊ Uniqlo စတဲ့ Branded တွေကိုလည်း ရာဂဏန်း၊ ထောင်ဂဏန်းအပုံထဲက ရနိုင်တာကလည်း ဘေထုပ်ရဲ့ အားသာချက်တစ်ခုပါ။
ဟိုးအရင်ကတော့ ကြည့်မြင်တိုင်ညစျေးဘေထုပ်တန်းဟာ တစ်ထည် ၁၀၀၊ ၂၀၀ ကနေ ၅၀၀၀ လောက်ပဲရှိခဲ့ရာကနေ ဘေထုပ်ဟာ Branded တွေ ပါတတ်တယ်လို့ သိသွားတဲ့လူငယ်တွေ၊ ပြန်ရောင်းဖို့ ခေါင်ထည်ကောက်သူတွေကြောင့် ဟိုးတုန်းကလိုတော့ စျေးမပေါတော့ဘဲ ၅၀၀၀ နဲ့ ၁၅၀၀၀ ကြားမှာပဲ အထည်ကောင်း၊ အထည်သန့် Branded တွေ ရတတ်ပါတော့တယ်။
ဒါပေမဲ့လည်း အသစ်ကို တစ်သိန်းလောက်ပေးမှဝတ်လို့ရမဲ့အထည်မျိုးကို ၁၅၀၀၀ လောက်နဲ့ရလည်း တန်ပါတယ်တွေးတဲ့ လူငယ်တွေကတော့ ရန်ကုန်မြို့လည်လမ်းက ဘေထုတ်တန်းမှာ တိုးဝှေ့နေမြဲပါပဲ။