
၅.၄.၂၀၂၅
Written By Zun
ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ ပြည်မြို့နယ်၊ ကန်သုံးဆင့်ဘုန်းကြီးကျောင်း(ရိပ်သာ) ပေါက်အနီးတွင် ယမန် နေ့ ဧပြီလ ၄ ရက် မွန်းလွဲပိုင်းကအသက် ၆၂ နှစ် အရွယ် အိုးဝေသုံးဘီးအငှားယာဉ်မောင်းသမားတစ်ဦးကို ဓားဖြင့် ထိုးသတ်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။



“ဘယ်သူမှန်းမသိဘဲ မနေ့ညနေကတည်းက ဒီသတင်းကိုတွေ့ပြီး စိတ်မကောင်းနေတာ။ မျက်နှာကိုသေချာမကြည့်လိုက်မိဘူး။ ည ၁၂ နာရီကျော် ဖုန်းဆက်လာတယ်။ ငိုသံကြီးနဲ့။ မကြီး မောင်လေးအဖေ ဆုံးပြီတဲ့။ တစ်ရပ်ကွက်တည်းသားချင်း သူ့မိဘ ကိုယ့်မိဘလိုပဲ နေလာခဲ့ကြတာ။ အဖေဆုံးရှုံးဖူးသူမို့ တကယ် ကိုယ်ချင်းစာတယ်။ ထပ်တူခံစားရပါတယ် မောင်လေးရယ်။ အိုးဝေမောင်းနေကျလည်းမဟုတ် အိမ်ကလဲမမောင်းပါနဲ့ဆိုတာ တားမရ။ လူကြီးဆိုတော့ အလုပ်မရှိ မနေတတ်ဘူးပေါ့။ ဒီအသက်ရွယ်ကြီး၊ ရန်ငြိုးရန်စလည်းမရှိ လုပ်ရက်လိုက်ကြတာ”ဟု ဒေသခံတစ်ဦးကလည်း လူမှုကွန်ရက်တွင် ရေးသားထားသည်။
သေဆုံးသူမှာ ပြည်မြို့၊ ရွှေတံခါးမီးသတ်ရုံး၊ ခေတ္တရာမောင်ကားဂိတ်အနီး ဂိတ်ထိုးထားသော ရွှေတံခါး အပိုင်း(၁)နေ ရွှေခေတ္တရာ အိုးဝေအဖွဲ့မှ ဦးဖိုးလုံးဖြစ်ပြီး လူငယ်အမျိုးသား(၂) ဦးက ဦးဖိုးလုံး၏ သုံးဘီး လာငှားစဉ် လိုက်သွားခဲ့ပြီးနောက် ရန်ကုန်-ပြည် ကားလမ်းမကြီး ဘုရင့်နောင်လမ်းအတိုင်း ကန်သုံးဆင့် လမ်းပေါက်ကဝင်ရောက်ခဲ့ကာ ကန်သုံးဆင့်ဘုန်းကြီးကျောင်းပေါက်အနီးသို့ ရောက်ရှိချိန် ဓားဖြင့် ထိုးခံရကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ၏ ဒဏ်ရာများမှာ လည်ပင်းတွင် ပြတ်ရှဒဏ်ရာ နှစ်ချက်၊ နောက်ကျောတွင် နှစ်ချက်ဖြစ်ပြီး သွေးထွက်လွန် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အဆိုပါ လူငယ်နှစ်ဦးက ဦးဖိုးလုံး၏ အိုးဝေကို ငှားရမ်းသည့်အချိန်မှ သေဆုံးပြီဟု သိရသည့် ကြာမြင့်ချိန်မှာ ၃ နာရီခန့် ရှိကြောင်း သိရသည်။
ဦးဖိုးလုံးအား ထိုးသည့်ဓားမှာ အသစ်ဖြစ်နေပြီး ယင်းသို့ လုပ်ဆောင်ရန် ရည်ရွယ်ချက်ရှိရှိ ဝယ်လာခြင်းဖြစ်နိုင်ကြောင်း၊ သေဆုံးသူ ဦးဖိုးလုံး၏ လက်ထဲတွင်လည်း သံတုတ်တစ်ချောင်း တွေ့သောကြောင့် ပြန်လည်ခုခံသည်ဟု ယူဆရကြောင်း၊ သေဆုံးသည့်နေရာမှာ ဘုန်းကြီးပေါက်ဝအနီး ဖြစ်သောကြောင့် ဘုန်းတော်ကြီးတစ်ပါးက တွေ့မြင်သည့်အတွက် သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားခဲ့ခြင်းကြောင့်သာ အခြားသူများကလည်း သိရှိခဲ့ကြကြောင်း သိရသည်။



သက်ဆိုင်ရာက အခင်းဖြစ်ရာနေရာသို့ စစ်ဆေးရာတွင် အိုးဝေပေါ်၌ သွေးများ ပေကျံနေသည့်အပြင် လမ်းဘေးရှိ ဝါးရုံကိုလည်း ဝင်တိုးထားသည့် ပုံစံများတွေ့ကြောင်း၊ အိုးဝေမောင်းနှင်စဉ်ကပင် ဓားဖြင့် အထိုးခံထားရဖွယ် ဖြစ်နိုင်ကြောင်း သက်ဆိုင်ရာက ကောက်ချက်ချထားကြောင်းလည်း သိရသည်။
အဆိုပါ ပြစ်မှုကို ကျူးလွန်ခဲ့သူများက အိုးဝေကိုလည်း ယူမသွားသည့်အပြင် အခြားပစ္စည်းများကိုလည်း ယူဆောင်မသွားကြောင်း၊ လက်ရှိတွင် လွတ်မြောက်နေသည့် ကျူးလွန်သူများကို သက်ဆိုင်ရာက စုံစမ်းရှာဖွေနေကြောင်း သိရသည်။
“သူတို့က ငှားသွားပြီးတဲ့နောက် ကျွန်တော်တို့ သတင်းရတဲ့ အချိန်က ညနေ ၃ နာရီလောက်။ သူတို့ ငှားသွားတဲ့ အချိန်နဲ့ တွက်ရင် ကြာချိန်က ကြားမှာ ၃ နာရီလောက်တော့ ရှိမယ်။ ဒဏ်ရာက လည်ပင်းမှာ ဆိုတော့ဗျာ။ သွေးကြောပြတ်ပြီး သွေးလွန်တာပေါ့။ လောလောဆယ် ယူဆရတာပဲ။ အဲဒီလို ဖြစ်သွားတဲ့ နေရာကလည်း လူနည်းနည်း ပြတ်တယ်။ အခုတော့ တရားခံကို ရဲစခန်းက စုံစမ်းနေပါပြီ။ မကြာခင် မိမယ်လို့တော့ ပြောတယ်”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။
ဦးဖိုးလုံးသည် စိတ်ရင်းကောင်း၍ လူအေးတစ်ဦးဖြစ်သောကြောင့် လူချစ်လူခင်ပေါသူဖြစ်ကြောင်း၊ ကွယ်လွန်ချိန်တွင် ဇနီးနှင့် သားသမီးများ ကျန်ရစ်ခဲ့ကြောင်း သိရသည်။