
၅. ၄. ၂၀၂၅
Written by Nay Moe
KNU နှင့် PDF များ ထိန်းချုပ်ထားသော မြ၀တီမြို့ရှိ သဘာ၀ရိပ်သာတရားဆေးရုံမှ ကော့ကရိတ်-နဘူးလမ်းပေါ်ရှိ ငြိမ်းချမ်းရေးသဘာ၀ရိပ်သာ (ဆင်ဖြူတော်ကျောင်းတိုက်) ရှိ ဘုရားတည်ရာ လုပ်ငန်းခွင်သို့ လှူဖွယ်ပစ္စည်းများနှင့် ငွေကြေးအလှူ ပေးပို့သည့် သီလရှင်တစ်ပါးနှင့် ကားဆရာကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖမ်းဆီးသွား၍ အဆက်အသွယ်ပြတ် ပျောက်ဆုံးနေသဖြင့် ဝိုင်းဝန်းကူညီရှာဖွေပေးရန် ကျောင်းတိုက်နှစ်ခုဘက်က မေတ္တာရပ်ခံထုတ်ပြန်လာသည်။


ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ မတ်လ၊ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီကျော်အချိန်တွင် ဒေါ်သီသူပဆာလာ (လူအမည် – ဒေါ်သီတာလင်းလင်းဟန်)၊ အသက် (၄၇ ) နှစ်နှင့် ၎င်း၏ကားဒရိုက်ဘာ ကိုအောင်လင်းထွန်း၊ အသက် (၄၂ )နှစ်တို့သည် မြ၀တီမြို့ရှိ သဘာ၀ရိပ်သာတရားဆေးရုံမှ ကော့ကရိတ်-နဘူးလမ်းပေါ်ရှိ ငြိမ်းချမ်းရေးသဘာ၀ရိပ်သာ (ဆင်ဖြူတော်ကျောင်းတိုက်) ရှိ ဘုရားတည်ရာ လုပ်ငန်းခွင်သို့ လှူဖွယ်ပစ္စည်းများနှင့် ဘုရားတည်ခြင်းအတွက် လှူဒါန်းရန်ယူဆောင်လာသော ၀တ္ထုငွေကြေး (KBZ PAY + CASH) စုစုပေါင်း ကျပ်သိန်းတစ်ရာ၀န်းကျင်ခန့်အား Nissan Vanette ကား၊ ယာဉ်အမှတ် RLG-1369 ပေါ်သို့တင်ဆောင်ပြီး လှူဒါန်းရန်လာရောက်စဉ် ၎င်းနေ့ည (၇) နာရီအကျော်တွင် ကော့ဖန်ရပ်ရွာထိပ်လမ်းပေါ်၌ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။
လှူဖွယ်ပစ္စည်းများ၊ ၀တ္ထုငွေကြေးများနှင့် ကားအပါအ၀င် ယာဉ်ပေါ်၌ စီးနင်းမောင်းနှင်လာသော သီလရှင် (၁)ဦးနှင့် လူပုဂ္ဂိုလ်တစ်ဦးပါ ယနေ့အချိန်အထိ ပျောက်ဆုံးနေသဖြင့် ၎င်းတို့၏ မိသားစု၀င်များ၊ ရိပ်သာအဖွဲ့အစည်းမှ ဆရာလေးအား မှီခိုနေထိုင်သော လူမမာများနှင့် သက်ကြီးရွယ်အိုအဖိုးအဖွားများလည်း များစွာစိုရိမ်ပူပန်နေကြရသည်။
ဆရာလေး ဒေါ်သီသူပဆာလာသည် မြ၀တီမြို့ရှိ သဘာ၀ရိပ်သာ တရားဆေးရုံ၌ သက်ကြီးရွယ်အိုနှင့် ဆေးရုံတက်နေရသော လူမမာ (၁၅၀)ဦးအား စောင့်ရှောက်နေရသူဖြစ်သည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းများမှ ဝိုင်း၀န်း၍ ကူညီရှာဖွေပေးနိုင်ပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ကြောင်း ကျောင်းတိုက်နှစ်ခုဘက်က ထုတ်ပြန်ထားသည်။
KNU နှင့် PDF များ ကြီးစိုးထိန်းချုပ်ရာနေရာတွင် အလှူငွေများ၊ လှူဖွယ်ပစ္စည်းများနှင့် သာသနာ့ယာဥ်တစ်စီးဖြင့် ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသော ဆရာလေး ဒေါ်သီသူပဆာလာနှင့် ၎င်း၏ကားဒရိုက်ဘာအား ဖမ်းဆီးသွားသူများ၊ တွေ့ရှိသူများအနေဖြင့် ဥုးဇေယျမဂ္ဂ (09-740835350) သို့ ဆက်သွယ်နိုင်ကြောင်းလည်း လူပျောက်ကြေညာထားသည်။