
၅. ၄. ၂၀၂၅
Written by Nyein Kyaw
ပြင်းထန်ငလျင်လှုပ်ခတ်မှုကြောင့် ဧပြီ ၄ ရက် ညနေ ၆ နာရီအထိ စာရင်းအရ သေဆုံးသူ ၃၃၅၄ ဦး၊ ဒဏ်ရာရရှိသူ ၄,၅၀၈ ဦးနှင့် ပျောက်ဆုံးနေသူ ၂၂၀ ဦးအထိရှိလာခဲ့ပြီး မန္တလေးတွင် သေဆုံးမှုအများဆုံးဖြစ်ကာ သေဆုံးသူဦးရေ၏ ရာခိုင်နှုန်း ၆၀ ကျော်ဖြစ်သည့် ၂,၁၂၀ ကျော်အထိရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။


မန္တလေးရှိ မြို့နယ်ပေါင်း ၁၇ ခုတွင် သေဆုံးသူဦးရေ ၂,၁၂၂ ဦး၊ ဒဏ်ရာရရှိသူ ၂,၆၀၉ ဦးအထိရှိခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်း သေဆုံးသူဦးရေ၏ ၆၃ ရာခိုင်နှုန်းကျော်ရှိခဲ့သည်။ မြို့နယ်ပေါင်း ၁၇ ခုအနက် အမရပူရမြို့နယ်တွင် သေဆုံးသူ ၃၁၄ ဦးနှင့် ပျော်ဘွယ်မြို့နယ်တွင် ၂၄၀ ဦး၊ ချမ်းအေးသာစံမြို့နယ်တွင် ၂၂၁ ဦး၊ မဟာအောင်မြေမြို့နယ်တွင် ၁၉၉ ဦး၊ တံတားဦးမြို့နယ်တွင် ၁၅၈ ဦးဖြင့် အများဆုံးဖြစ်သည်။
နေပြည်တော်တွင် သေဆုံးသူ ၆၁၅ ဦး၊ ဒဏ်ရာရရှိသူ ၈၄၃ ဦးနှင့် ပျောက်ဆုံးနေသူ ၁၃ ဦးရှိသည်။ နေပြည်တော်အတွင်း ပျဉ်းမနားမြို့တွင် သေဆုံးသူ ၂၄၅ ဦးနှင့် ဇမ္ဗူသီရိမြို့နယ်တွင် ၁၇၉ ဦးဖြင့် အများဆုံးဖြစ်သည်။ စစ်ကိုင်းတိုင်းတွင် သေဆုံးသူ ၅၀၇ ဦး၊ ဒဏ်ရာရရှိသူ ၆၈၈ ဦးနှင့် ပျောက်ဆုံးနေသူ ၂ ဦးရှိခဲ့ပြီး စစ်ကိုင်းမြို့နယ်တွင် သေဆုံးသူ ၅၀၃ ဦးဖြင့် အများဆုံးသေဆုံးခဲ့သည်။




ရှမ်းပြည်နယ်တွင် သေဆုံးသူ ၆၆ ဦး၊ ဒဏ်ရာရရှိသူ ၁၃၃ ဦးရှိပြီး ညောင်ရွှေမြို့နယ်တွင် သေဆုံးသူ ၅၀ ဦးဖြင့် အများဆုံးဖြစ်သည်။ ပဲခူးတိုင်းတွင် သေဆုံးသူ ၄၄ ဦးနှင့် ဒဏ်ရာရရှိသူ ၂၃၄ ဦးရှိခဲ့ပြီး မကွေးတိုင်းတွင် သေဆုံးမရှိ ဒဏ်ရာရရှိသူ ၁ ဦးသာရှိကြောင်း ထုတ်ပြန်ထားသည်။
မတ်လ ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို၌ ငလျင်ဒဏ်သင့်ခဲ့ရပြီး လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရကာ ပြည်သူများ အသက်သေဆုံးခဲ့ရမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့သည်။