
၅.၄.၂၀၂၅
Written By Thandar
သရုပ်ဆောင် ခိုင်နှင်းဝေကတော့ သဘာဝဘေးဖြစ်တဲ့ ငလျင်ဘေးနဲ့ပတ်သက်ပြီး လှူဒါန်းဖို့အတွက် အလှူငွေ ကျပ်သိန်း ၅ သောင်းရရှိခဲ့ပြီးပြီမို့ လိုအပ်နေတဲ့ အဓိကနေရာတွေမှာ လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာ၊ အယုတ်၊ အမြတ်၊ အလတ်မရွေး မျှဝေလှူဒါန်းသွားမယ်လို့ ဆိုပါတယ်။




“သဘာဝဘေးဖြစ်တဲ့ ငလျင်လေးအတွက် အလှူငွေ သိန်း ၅ သောင်း ပြည့်သွားပါပြီရှင်..။ ဆက်လက်ပြီး လိုအပ်သော နေရာများသို့ အဓိကတွေထဲမှ အဓိကလိုအပ်တာများကို လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာ၊ အယုတ်၊ အမြတ်၊ အလတ် မရွေး ကုသိုလ်ရော၊ အကူအညီများပါ ရအောင် ဆက်လက်ဝေမျှသွားပါမယ်ရှင်။ အမအနေနဲ့ ကိုယ့်အိမ်ရာမှာက ဘယ်သူမှ နေလိုမရတော့လို့ လမ်းပေါ်ထွက်နေရတဲ့ သက်ကြီးရွယ်အိုတွေ အများကြီးမြင်ရတော့ ရင်ထဲမကောင်းဘူး။ သူတို့တွေ လမ်းပေါ်ထွက်အိပ်နေရရှာတော့ မခံစားနိုင်ဘူး။ နေကလည်း အရမ်းပူမှာလေ။ အိုးပစ်၊ အိမ်ပစ်ပြီး အပူဒဏ်ခံစားကာ လမ်းဘေးမှာ နေနေရတဲ့ မိသားစုတွေကို မကြည့်ရက်ဖြစ်ရပါတယ်။ ဒီအတွက် အမဘက်က တတ်နိုင်သလောက် အလှူငွေတွေ မျှဝေပေးအပ်သွားမှာပါ”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။
သူမကတော့ စစ်ကိုင်း၊ အမရပူရ၊ မန္တလေးဘက်တို့ကို ဆက်တိုက်ဆိုသလို ကိုယ်တိုင်သွားရောက် လှူဒါန်းမှုတွေကို လုပ်ဆောင်နေလျက်ရှိပါတယ်။
လာမယ့် ဧပြီ ၇ ရက်နေ့မှာလည်း “ဧရာမေတ္တာ “လူမှုကယ်ဆယ်ရေးစခန်းက အုပ်ချုပ်ရေးမှူးတွေကူညီမှုနဲ့အတူ ဧရာထွန်းတိုက်ခန်းက အိမ်ထောင်စု ၃၈၀ ကို တစ်အိမ်ထောင်စုကို ကျပ်သိန်း ၂၀ နှုန်းနဲ့ စုစုပေါင်း ကျပ်သိန်း ၇၆၀၀ တိတိ ကူညီပြီး အလှုငွေတွေပေးအပ်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့ရက်ပိုင်းက အမရပူရမှာရှိတဲ့ ဧရာ၀ဏ် တိုက်တန်းအိမ်ရာ အိမ်ခြေ ၅၀၀ ကို တစ်အိမ်ထောင်စု ကျပ်သိန်း ၂၀ နှုန်းနဲ့ သိန်းတစ်သောင်းလှူဒါန်းခဲ့သလို လူမှုကယ်ဆယ်ရေးအသင်းအတွက် သိန်းတစ်ရာတိတိ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။