
ငလျင်ဘေးအတွက် နိုင်ငံတော်က ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကို အရှိန်အဟုန်ဖြင့် အမြန်ဆုံးလုပ်ဆောင်မည်ဖြစ်သလို ကမ္ဘာ့က မြန်မာကို အာရုံစိုက်နေချိန် စည်းလုံးမှုကို ပြသရန်လိုဟုပါ ပြော
၅. ၄. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဘေးဒဏ် ပြန်လည်ထူထောင်ရေးနှင့် အကူအညီရရှိရေး ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည့် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး ခရီးစဉ်အတွင်း ရည်ရွယ်ချက်များ အောင်မြင်ခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။


SAC ဥက္ကဋ္ဌအနေဖြင့် ဘင်းမ်စတက်အစည်းအဝေး တက်ရောက်လာနေစဉ်အတွင်း အိမ်ရှင်ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ်၊ ဘူတန်နိုင်ငံဝန်ကြီးချုပ်၊ ဘင်းမ်စတက်၏ အတွင်းရေးမှူးချုပ်တို့နှင့် သီးခြားတွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။
“အဓိကတော့မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ငလျင်ဘေးဒဏ်ကြောင့်မို့ ထိခိုက်နစ်နာခဲ့ရတဲ့သူတွေ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့၊ ပြီးရင် ပြန်လည်ထူထောင်ရေးလုပ်တဲ့နေရာမှာ အကူအညီတွေ ရရှိဖို့အတွက် ဆောင်ရွက်သွားမယ်ဆိုတာ ပြောခဲ့ပါတယ်။ ဘင်းမ်စတက် အစည်းအဝေးမှာ ဆွေးနွေးရမှာတွေ ဆွေးနွေးခဲ့ပါတယ်။ ခြုံပြီးပြောရရင်တော့ ဒီသွားရတဲ့ ရည်ရွယ်ချက်ရော၊ လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ရော အောင်မြင်တယ်လို့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများက ဘင်းမ်စတက်၏ ဆောင်ပုဒ်များ၊ ရည်မှန်းချက်များကို အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ အကြံပြုချက်ဖြစ်သည့် သဘာဝဘေးဒဏ်နှင့် ပတ်သက်ပြီး အတွေ့အကြုံများ ဖလှယ်နိုင်ရေးအတွက် သဘာဝဘေးဒဏ် ကူညီကယ်ဆယ်ရေး၊ သုတေသနပြုလုပ်ရေးနှင့် ပညာပြန့်ပွားရေးအတွက် စင်တာတစ်ခု တည်ဆောက်မည်အဆိုကိုလည်း အားလုံးက အကြမ်းဖျင်း သဘောတူညီနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံငလျင်ဘေးအတွက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်း တရုတ်နိုင်ငံ၊ ယူအေအီးနိုင်ငံနှင့် အင်အားကြီးရုရှားနိုင်ငံများ စသည့် နိုင်ငံပေါင်း ၁၈ နိုင်ငံဝန်းကျင်က လေယာဉ်အစင်း ၆၀ ကျော်ဖြင့် ကူညီကယ်ဆယ်ရေးနှင့် အထောက်အပံ့ပစ္စည်းများ ကူညီပေးပို့ထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် နိုင်ငံတကာနှင့် ကမ္ဘာ့ထိပ်သီးနိုင်ငံများက မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်ခံစားခဲ့ရမှုတွင် အားလုံးက စာနာထောက်ထားပြီး ကူညီပေးခဲ့ကြသလို ဝိုင်းဝန်းဆောင်ရွက်ပေးလိုစိတ်များလည်း ရှိကြကြောင်းကို လက်တွေ့မြင်တွေ့ရနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။



“ပြောရမယ်ဆိုရင် ကမ္ဘာက မြန်မာကို အာရုံစိုက်နေတယ်။ မြန်မာပြည်သူလူထု မြန်မာပြည်က ကျွန်တော်တို့ မြန်မာနိုင်ငံကြီးက ငလျင်ဒဏ်ကို ဘယ်လိုခံခဲ့ရလဲ၊ ငလျင်ဒဏ်ကို ဘယ်လိုမျိုးရင်ဆိုင်နေတယ်။ ငလျင်ဒဏ်နဲ့ပတ်သက်ပြီးတော့ ဒီသဘာဝဘေးဒဏ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘယ်လို စည်းစည်းလုံးလုံး လုပ်နေလဲဆိုတာ အားလုံးက အာရုံစိုက်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ မြန်မာပြည်သူလူထုအနေနဲ့ကလည်း ဒီငလျင်သဘာဝဘေးဒဏ်ကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ကြပါ။ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ နိုင်ငံတော်အစိုးရအနေနဲ့ကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အတတ်အနိုင်ဆုံး အရှိန်အဟုန်နဲ့ အမြန်ဆုံးလုပ်သွားမှာဖြစ်တယ်။ အနှစ်ချုပ်ပြောရရင် မြန်မာ့စည်းလုံးမှုကို ပြပါ။ မြန်မာ့စည်းလုံးမှုကို ပြဖို့လိုပါတယ်။ အားလုံးအာရုံစိုက်နေတဲ့အချိန်မှာ မြန်မာဟာ ဘယ်လိုမျိုးဇွဲရှိတယ်၊ ဘယ်လိုမျိုးကြံ့ခိုင်တယ်ဆိုတာ ပြဖို့လိုတယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အဆိုပါ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (ဘင်းမ်စတက်) ၏ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် ဧပြီ ၂ ရက်နှင့် ၄ ရက်အထိ ကျင်းပခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံတို့မှ နိုင်ငံအကြီးအကဲများ တက်ရောက်ခဲ့ကာ SAC ဥက္ကဋ္ဌသည် ဧပြီ ၄ ရက် ည ၁၀ နာရီတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။