
၅.၄.၂၀၂၅.
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သမ္မတ ယွန်ဆက်ယိုလ်အား ဒီမိုကရေစီစံနှုန်းတွေနဲ့ ဥပဒေစည်းမျဉ်းတို့ကို စိုးရိမ်ဖွယ်ချိုးဖောက်မှုနဲ့ သမ္မတ ရာထူးမှဖယ်ရှားဖို့ ဧပြီလ ၄ ရက်က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက ဆယ်စုနှစ်တွေအတွင်း အဆိုးဝါးဆုံးနိုင်ငံရေးမတည်ငြိမ်မှုကို ဖြစ်စေခဲ့တဲ့ ယွန်ဆက်ယိုလ်ရဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်က စစ်အုပ်ချုပ်ရေးကြေညာမှုအပေါ် အငြင်းပွားနေမှုတွေကို ရပ်ဆိုင်းစေခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ဖြစ်ပြီး စောဒကတက်ဖို့လည်းအခွင့်အလမ်းမရှိတော့တဲ့ ယွန်ဆက်ယိုလ်ကို သမ္မတရာထူးမှဖယ်ရှားတဲ့ဆုံးဖြတ်ချက်ကို ခုံရုံးရဲ့ တရားသူကြီး ရှစ်ဦးစလုံးက တစ်ညီတစ်ညွတ်ထဲဆုံးဖြတ်ခဲ့ကြတာပါ။ ယွန်ဆက်ယိုလ်အနေနဲ့ တောင်ကိုရီးယားနိုင်ငံမှာ တာဝန်ထမ်းဆောင်နေစဉ် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဒုတိယမြောက် ရာထူးမှဖယ်ရှားခံရတဲ့ သမ္မတလည်း ဖြစ်ခဲ့ပါတယ်။
ယွန်ဆက်ယိုလ်ကို တရားဝင်ဖြစ်တဲ့အကြောင်းတရားမရှိဘဲနဲ့ စစ်အုပ်ချုပ်ရေးကြေညာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့တယ်လို့စွပ်စွဲခဲ့တာပါ။ ယွန်ကတော့ စစ်အုပ်ချုပ်ရေးကြေညာမှုက စစ်ဘက်အုပ်ချုပ်မှုအတိုင်း နိုင်ငံကို ဆောင်ရွက်သွားတော့မယ်လို့ ပြဌာန်းတာမဟုတ်ဘူးလို့ ငြင်းဆန်ပြောကြားခဲ့ပါတယ်။ သူက တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရက်တစ်ပါတီအနေနဲ့ မဲအများစုရရှိထားမှုကို အလွဲသုံးစားလုပ်မှုအပေါ် သတိပေးခြင်းသာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပွားနေခဲ့ပေမယ့် အာဏာရပါတီအနေနဲ့ကလည်း ဒယီးဒယိုင် ဖြစ်နေရပြီဖြစ်တဲ့ ယွန်ရဲ့ သမ္မတအဖြစ်တည်ရှိမှုကို အဆုံးသတ်ဖို့ဆိုတာ သေချာမှုမရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တောင်ကိုရီးယားနိုင်ငံမှာ တာဝန်ထမ်းဆောင်နေဆဲသမ္မတတစ်ဦးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက တာဝန်မှဖယ်ရှားခံရရင် ဒါမှမဟုတ်သေဆုံးခဲ့ရင် ရက်ပေါင်း ၆၀ အတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးရမှာပါ။ အခုလည်း သမ္မတနေရာအတွက် အထူးကြားဖြတ်ရွေးကောက်ပွဲကို ဇွန်လ ၃ ရက်မှာ ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။
သမ္မတအသစ် မတင်မြှောက်မီမှာတော့ ဝန်ကြီးချုပ် ဟန်ဒပ်ဆူက ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမှာပါ။
ယွန်ရဲ့သမ္မတသက်တမ်းက ပုံမှန်အတိုင်းဆို ၂၀၂၇ ခုနှစ်၊ မေလ ၉ ရက်မှာ ပြီးဆုံးမှာပါ။ အခုလို သမ္မတရာထူးမှ ဖယ်ရှားခံရလို့ သူ့အနေနဲ့ အငြိမ်းစားလစာနဲ့ ဥပဒေအရ ကင်းလွတ်ခွင့်တွေအပါအဝင် သမ္မတတစ်ဦးရရှိမယ့် အကျိုးခံစားခွင့်တွေ ဆုံးရှုံးရမှာပါ။ ဒါ့ပြင် ဆူပူအုံကြွမှုဖြစ်စေတဲ့စွဲချက်တွေနဲ့ ဧပြီလ ၁၄ ရက်မှာလည်း ရာဇဝတ်ပြစ်မှုဆိုင်ရာ တရားရင်ဆိုင်ရပါဦးမယ်။ စစ်အုပ်ချုပ်ရေးကြေညာမှုမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုလည်း တရားစွဲခဲ့ပါတယ်။
Ref- Yonhap News