
MT News
၅. ၄. ၂၀၂၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရထားလမ်းများ၊ လေဆိပ်များ၊ စစ်ကိုင်းတံတား(အင်းဝ)ပြိုကျမှုကြောင့် ရေလမ်းကြောင်း ပိတ်ဆို့မှုများနှင့် ဆက်သွယ်ရေးစနစ် ချို့ယွင်းမှုများအား အမြန်ဆုံးပြင်ဆင်လျက် ပြန်လည် အသုံးပြုနိုင်ရေး ကြိုးစား ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မီးရထား၊ ရေကြောင်း၊ လေကြောင်းခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးနိုင်ရန် ကြိုးစားလုပ်ဆောင်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် နိုင်ငံ၏ အဓိကလေဆိပ်ကြီးနှစ်ခုဖြစ်သော နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ကားလမ်းများ၊ ရထားလမ်းပိုင်းများနှင့် မန္တလေး-စစ်ကိုင်းလမ်းဟောင်းပေါ်ရှိ စစ်ကိုင်းတံတား(အင်းဝ)တို့ ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့သဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ အတိုင်းအတာတစ်ခုအထိ ထိခိုက်မှုကြုံတွေ့ခဲ့ရသည်။
ရထားပို့ဆောင်ရေးကဏ္ဍ၏ အဓိကရထားလမ်းမကြီးဖြစ်သည့် ၃၈၆ မိုင် ရှည်လျားသော ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ရထားလမ်းတာပေါင် ၆၀ နေရာနှင့် ရထားတံတား ၁၁ စင်းတို့ ပျက်စီးထိခိုက်မှု ဖြစ်ပွားခဲ့သည်။ ထို့ပြင် ငလျင်ဒဏ်ကြောင့် ပျဉ်းမနားဘူတာ၊ ပျော်ဘွယ်ဘူတာနှင့် သာစည်ဘူတာတို့၏ ယာဒ်ဝင်းများနှင့် အချို့လမ်းပိုင်းနေရာများ၌ သံလမ်းများ တွန့်ခေါက်ပျက်စီးမှုများ၊ ရထားပြေးဆွဲခြင်းဆိုင်ရာ ထိန်းချုပ်မှုရုံး အဆောက်အအုံပျက်စီးမှုများ၊ သာစည်ဘူတာနှင့် ညောင်လွန့်ဘူတာတို့၏ ဘူတာအဆောက်အအုံ ပြိုကျပျက်စီးမှုများကြောင့် ရထားခရီးစဉ်များ ယာယီရပ်တန့်ထားရသည့်အတွက် မြန်မာ့မီးရထားအနေဖြင့် အဆိုပါပျက်စီး ချွတ်ယွင်းမှုများအား အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံး ပြုပြင်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်-ပဲခူး-တောင်ငူ- နေပြည်တော်လမ်းပိုင်းအား ဧပြီလ ၅ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး နေပြည်တော်-သာစည်လမ်းပိုင်းအား ဧပြီလ ၄ ရက်တွင်လည်းကောင်း၊ သာစည်-မန္တလေးလမ်းပိုင်းအား ဧပြီလ ၅ ရက်တွင်လည်းကောင်း ဖွင့်လှစ်နိုင်ရေးအတွက် လူအင်အား၊ စက်ပစ္စည်းအင်အားများဖြင့် ထိရောက်သော ထောက်ပံ့မှုများအသုံးချ၍ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။
လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် ငလျင်ဒဏ်ကြောင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေကြောင်း ထိန်းသိမ်းရေးမျှော်စင်နှင့် လေကြောင်းဆက်သွယ်ရေးစနစ်ဆိုင်ရာ ဆက်စပ်အဆောက်အအုံများ ပြိုကျပျက်စီးမှုနှင့် ခရီးသည်နားနေဆောင်၏ အစိတ်အပိုင်းအချို့ ထိခိုက်ပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့သည့်အတွက် လေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်းခဲ့ရပြီး အမြန်ဆုံးပြန်လည်ပြုပြင်၊ တပ်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။ လေယာဉ်ပြေးလမ်းထိခိုက်မှု မရှိသဖြင့် မေလ ၂၉ ရက်မှစ၍ ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်များအတွက် ပြန်လည်ဖွင့်လှစ် အသုံးပြုနိုင်ပြီဖြစ်သကဲ့သို့ ဧပြီလ ၅ ရက်တွင် ပြည်တွင်းလေကြောင်း ခရီးစဉ်များကိုလည်း အစောဆုံးပြန်လည် ပြေးဆွဲခွင့်ပြုပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အလားတူပင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေယာဉ်ပြေးလမ်းပေါ်တွင် ချွတ်ယွင်းပျက်စီးမှု အနည်းငယ်ဖြစ်ပေါ်ခဲ့သောကြောင့် ပြုပြင်မွမ်းမံမှုများကို ထိရောက်စွာ ချက်ချင်းဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂ ရက် ယနေ့နေ့လယ်ပိုင်းတွင် ပြေးလမ်း ပေ ၁၀၀၀၀ ကို ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်၍ ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်များအတွက် ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်သည်။ ပြည်တွင်းလေကြောင်း ခရီးစဉ်များကိုလည်း ဧပြီလ ၄ ရက်တွင် အစောဆုံး ပြန်လည်ခွင့်ပြုပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ရေကြောင်းပို့ဆောင်ရေးကဏ္ဍ အနေဖြင့် မန္တလေး-စစ်ကိုင်း လမ်းဟောင်းပေါ်ရှိ စစ်ကိုင်းတံတား(အင်းဝ)၏ ခုံးတံတားသံပေါင်ခြောက်ခုပြိုကျပျက်စီးခဲ့သောကြောင့် ရထားလမ်းနှင့် မော်တော်ကားလမ်းဆက်သွယ်မှု ပြတ်တောက်လျက်ရှိရာ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ ဌာနပိုင်သင်္ဘောများဖြင့် မန္တလေးနှင့် စစ်ကိုင်းမြစ်ဆိပ်များသို့ ခရီးသည်နှင့် မော်တော်ယာဉ်များအား အခမဲ့ပြေးဆွဲခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ လက်ရှိတွင် ခုံးတံတားသံပေါင် ပျက်စီးမှုမရှိသော တိုင်အမှတ် ၅ နှင့် အမှတ် ၆ အကြားရှိ ရေလမ်းကြောင်းအား ရေယာဉ်များသွားလာရန် ခွင့်ပြုပေးထားသည့်အပြင် ပျက်စီးပြီး ရေထဲပြုတ်ကျနေသည့် ခုံးတံတားသံပေါင်များအား ဖယ်ရှားရှင်းလင်းနိုင်ရန်အတွက် Survey လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်သွယ်ရေးကဏ္ဍအနေဖြင့် ငလျင်ဒဏ်ထိခိုက်ခံခဲ့ရသည့်နယ်မြေများအတွင်း၌ ဆက်သွယ်ရေးစခန်း ၂၆၂၇၇ ခု ရှိသည့်အနက် ငလျင်ဒဏ်ကြောင့် ၆၇၃၀ ခုတို့ ချို့ယွင်းပျက်စီးပြီး ဆက်သွယ်ရေးပြတ်တောက်မှုဖြစ်ပေါ်ခဲ့ရာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကျွမ်းကျင်ဝန်ထမ်းများ၊ အရန်စက်ပစ္စည်းများဖြင့် ကြိုးပမ်းဆောင်ရွက်မှုကြောင့် ပျက်စီးခဲ့သည့် စခန်းများအနက် ၃၃၀၀ ခု ပြန်လည် ကောင်းမွန်လာပြီဖြစ်သည်။ ထို့အတူ ငလျင်ဒဏ်ကြောင့် အနည်းငယ်ပျက်စီးသည့် နေပြည်တော်ဝန်ကြီးရုံးရှိ e-Learning Center နှစ်ခု၊ အကြီးစားပျက်စီးခဲ့သည့် National Cyber Security Center အဆောက်အအုံနှင့် e-Government Data Center တို့အား အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး မကြာမီတွင် သတင်းအချက်အလက်နှင့်ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်တော့မည်ဖြစ်သည်။