



၅.၄.၂၀၂၅
Written By Thandar
ကမ္ဘောဇဖောင်ဒေးရှင်းက အမရပူရမြို့မှာ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် မြွေဆိပ်ဖြေဆေးများပါဝင်တဲ့ Mobile Clinic တစ်ခုထားရှိပေးထားရှိပြီး ၂၄ နာရီ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့အနေနဲ့ အမရပူမှာမြို့မှာ ငလျင်ဘေးသင့်ပြီး လက်ရှိနေပူပြင်းတဲ့ကာလဖြစ်နေတာမို့ Mobile Clinic တစ်ခုထားရှိပေးထားပြီး ကမ္ဘောဇဖောင်ဒေးရှင်းကနေ ၂၄ နာရီ ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါတယ်။ ငလျင်ကြောင့် မြွေအန္တရာယ်တွေကို စိုးရိမ်မိတယ်။ ဒါကြောင့် ကိုယ့်ကို အဆိပ်ရှိတဲ့ သတ္တဝါအတွက် ကိုက်ခံရတယ်လို့ ယူဆသူတွေ ကြိုတင်ပြင်ဆင်ပြီးတော့ ကျန်း မာရေးစောင့်ရှောက်ပေးနေတာပါ။ ဝမ်းပျက်ဝမ်းလျောတာကအစ ကုသပေးနေတာပါ “လို့ Mobile Clinic က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါ Mobile Clinic က အဆိပ်ရှိတဲ့ သတ္တဝါများကိုက်ခံရတယ်လို့ ယူဆသူတွေ အထူးကြပ်မတ်ကုသပေးခြင်း၊ ငလျင်ဒဏ်ကြောင့် အဆောက်အဦပိမိပြီး ထိခိုက်ဒဏ်ရာရသူ အနာရင်းတဲ့ လူနာတွေ၊ ဆီးချိုလူနာတွေ၊ သွေးတိုးလူနာတွေ၊ ပန်းနာရင်ကြပ်လူနာသမားတွေ၊ ဝမ်းပျက်ဝမ်းလျောလူနာတွေ အဓိကထားကုသပေးနေတယ်လို့ သိရပါတယ်။ ဒဏ်ရာကြီးမားတဲ့ လူနာတွေကိုလည်း မန္တလေးသိပ္ပံလမ်းရှိ ရုရှားဆေးရုံကို ကားတွေစီစဉ်ပေးပြီးတော့ ပို့ဆောင်ကုသပေးနေတယ်လို့ ဆိုပါတယ်။
ဖောင်ဒေးရှင်းက လှူဒါန်းထားတဲ့ မြွေဆိပ်ဖြေဆေးတွေထဲက ပိုလျှံတဲ့အလုံး (၁၂၀)ကိုလည်း အမရပူရဆေးရုံသို့ လှူဒါန်းဖို့စီစဉ်ထားတယ်လို့သိရပါတယ်။
ဒ့ါပြင် အမွှာမွေးခါနီးလူနာကို စောင့်ရှောက်ပြီးတော့ အလှူငွေ ကျပ် ၅ သိန်းထောက်ပံ့ပေးခဲ့ပြီး ဆေးရုံတက်ရမယ့် လူနာတွေကို ငွေကြေးထောက်ပံ့ခြင်းတို့ကို ကမ္ဘောဇဖောင်ဒေးရှင်းက ပြုလုပ်ပေးနေတယ်လို့ဆိုပါတယ်။