
၅.၄. ၂၀၂၅
Written by Nyein Kyaw
တပ်မတော်က ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးထားသည့် ကာလအတွင်း KIA နှင့် PDF များက မိုးညှင်းမြို့၊ မြို့မဈေးအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနှင့် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ငလျင်သဘာဝ ဘေးဒဏ်ကြောင့် ထိခိုက်ခံစားနေရသော တစ်နိုင်ငံလုံးရှိ ပြည်သူလူထုအားစာနာ ထောက်ထားနားလည်သောအားဖြင့် လည်းကောင်း၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် လည်းကောင်း တည်ငြိမ်အေးချမ်းမှုကို ရှေးရှု့လျက် ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှ ၂၂ ရက် အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ထားပြီးဖြစ်သည်။

ထိုကဲ့သို့ တပ်မတော်မှ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးထုတ်ပြန်ထားသည့် ကာလအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများမှ နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများကို အလစ်အငိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၄ ရက် (ယနေ့) မွန်းလွဲ ၂ နာရီခန့်တွင် မိုးညှင်းမြို့၊ မြို့မဈေးအနီး နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး တာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား KIA အဖွဲ့နှင့် PDF အဖွဲ့ဝင်များက ဆိုင်ကယ်ဖြင့် ရုတ်တရက်မောင်းနှင် ဝင်ရောက်လာပြီး လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး နှင့် အရပ်သားပြည်သူ ၂ ဦးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိုးညှင်းမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
KIA အဖွဲ့နှင့် PDF များအနေဖြင့် နိုင်ငံ အတွင်းငလျင်သဘာဝဘေးဒဏ်ကြောင့်ဖြစ်ပေါ်ခံစားလျက်ရှိသည့် နိုင်ငံသူ/နိုင်ငံသားများ၏ ပူပင်သောက ရောက်ရှိမှုများကို လစ်လှူရှု၍ ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုကို ကျူးလွန်ခြင်းသည် လူသားချင်းစာနာထောက်ထားမှု မရှိခြင်းပင်ဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်ကို ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံအဝန်း၌ နယ်မြေလုံခြုံရေးတာဝန်များကို တာဝန်သိ ပြည်သူလူထုများ၏ ဝိုင်းဝန်းပါဝင်ပူးပေါင်းမှုများဖြင့် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ပြီး ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌လည်း နယ်မြေလုံခြုံရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးနှင့် အတူတကွ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။