


၅. ၄. ၂၀၂၄
Written by Nyein Kyaw
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် H.E. Dr. Harini Amarasuriya နှင့် ဘန်ကောက်မြို့ရှိ Shangri-La ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ်က မိမိတို့သမ္မတကြီးအနေဖြင့် မြန်မာနိုင်ငံတွင် ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့မှုအပေါ် များစွာစိတ်မကောင်းဖြစ်ရသည်ကို အမှာစကားပါးလိုက်ပါကြောင်း၊ မိမိတို့သီရိလင်္ကာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကူညီကယ်ဆယ် ရေးလုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
SAC ဥက္ကဋ္ဌက မိမိတို့နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်သည့် နိုင်ငံများဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ချိန်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နှစ်နိုင်ငံအကြား စီးပွားရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေး ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။