
၄. ၄. ၂၀၂၅
Written by Phyo Wei
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်းငလျင်ကြောင့် လူထောင်ချီသေဆုံးခဲ့ရပြီး အဆောက်အအုံသောင်းနဲ့ချီ ပြိုပျက်ခဲ့တာကြောင့် ဧပြီ ၁ ရက်ကနေ ၆ ရက်အထိကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်နေတဲ့ ရက်သတ္တပတ်မှာပဲ ရခိုင်အကြမ်းဖက် AA ကို ငွေထောက်ပံ့နေသူ ဦးဆောင်ပါဝင်တဲ့ မူးယစ်မှောင်ခိုဂိုဏ်းကို ကျပ် ၈ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့အတူ ဖမ်းမိခဲ့တဲ့အပြင် AA အကြမ်းဖက်လက်နက်ကိုင်တွေဟာ သူ့လိုပဲ အကြမ်းဖက်ပုံ စရိုက်တူတဲ့ ဘင်္ဂါလီ ARSA က အလ္လာဟုအက္ကဘာလို့ ကြွေးကြော်ကာ ချောင်းမြောင်းတိုက်ခိုက်တာကြောင့် ရခိုင် AA လက်နက်ကိုင်တွေ သေဆုံးနေကြတာ တွေ့ခဲ့ရပါသေးတယ်။
အခြားတစ်ဖက်မှာလည်း ငလျင်ဘေး ကယ်ဆယ်ရေးလာတဲ့ တရုတ်ကြက်ခြေနီအဖွဲ့ဟာ အစိုးရကိုလည်း အကြောင်းမကြား၊ တရုတ်ယာဉ်တန်းနဲ့လည်း မလာတဲ့အပြင် နယ်စပ်ကနေ TNLA အကြမ်းဖက်တွေနဲ့ မြန်မာ့တပ်မတော် တိုက်ပွဲဖြစ်နေတဲ့နေရာကို မြန်မာနံပါတ်တပ် ကားတန်းနဲ့လာခဲ့သလို TNLA ရဲ့ စောင့်ရှောက်မှုကိုလည်း ရယူခဲ့တာ၊ တပ်မတော်က မိုးပေါ်ထောင်ပြီး ယာဉ်တန်းကို တားမြစ်တာကို TNLA က တရုတ်ယာဉ်တန်းကို တပ်ကပစ်ပါတယ်လို့ အမြတ်ထုတ်ပြီး အရင်အသံထွက်တာ မြင်ခဲ့ရသလို အောင်လံ ကပစ (၁၅) က တပ်ဖွဲ့ဝင်တစ်ဦးကိုလာပြီး ချောင်းမြောင်းသတ်ဖြတ်တဲ့ အောင်လံ PDF အဖွဲ့ဟာ ဆိုင်ကယ်နဲ့ ကျေးရွာကူးတဲ့ အပြစ်မဲ့အမျိုးသားတစ်ဦးကိုပါ ပျူစောထီးဆိုပြီး မှားယွင်း သတ်ဖြတ်လိုက်ပြီးမှ စိတ်မကောင်းပါဘူးလို့ တောင်းပန်လာတာတွေအပြင် မန္တလေးတက္ကသိုလ် ပင်မဆောင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးတာမှာ နောက်ဆက်တွဲအဖြစ် မီးလောင်မှုကြောင့် မန္တလေး၊ စစ်ကိုင်းနဲ့ ကချင်ပြည်နယ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူတွေရဲ့ အဖြေလွှာ ၄ သိန်း နီးပါး မီးလောင်ဆုံးရှုံးခဲ့ရတာကြောင့် ဒီအဖြေလွှာတွေကို ဘယ်လိုပုံစံဆုံးဖြတ်ပေးမယ် မသိရလို့ သတင်းမှား ဖွကြတာ၊ ဒီလို ဖွကြသူတွေကြောင့် ဆယ်တန်းဖြေဆိုထားပြီး ထူးထူးချွန်ချွန်အောင်မြင်ဖို့ ရည်မှန်းကြိုးစားထားတဲ့ မိဘရင်သွေးတွေရဲ့ ပူပန်သောကတွေ ရှိနေပေမဲ့လည်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ အမေရိကန်နိုင်ငံ အမြန် ပြန်ပေးဖို့တောင်းဆိုလာတဲ့ မြန်မာအစိုးရပိုင် နိုင်ငံခြားငွေ ဒေါ်လာ တစ်ဘီလျံအကြောင်း၊ ငလျင်အမည်တပ် အပစ်ရပ်ပေမဲ့ ကတိပျက်ကြတဲ့ လက်နက်ကိုင်တွေအကြောင်းနဲ့ SAC ဥက္ကဋ္ဌ တက်ရောက်ပြီး မြန်မာနိုင်ငံအဖို့ နိုင်ငံရေးအရ အမြတ်ထွက်ခဲ့တဲ့ BIMSTEC ခရီးစဉ်တွေအကြောင်း သုံးသပ် တင်ပြချင်မိပါတယ်။
အမေရိကန် ပြန်ပေးဖို့တောင်းဆိုတဲ့ ဒေါ်လာ တစ်ဘီလျံ
မတ်လ ၂၈ ရက်က လှုပ်ခတ်သွားတဲ့ ဖျက်အားပြင်းငလျင်ကြောင့် အထိနာခဲ့ရတဲ့ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ထိန်းသိမ်းထားတဲ့ မြန်မာအစိုးရပိုင် ဒေါ်လာ တစ်ဘီလျံကို အစိုးရထံပြန်ပေးဖို့ နိုင်ငံရေးပါတီငါးခုနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုမဟာမိတ်အဖွဲ့(FUA)က အမေရိကန်နိုင်ငံကို တောင်းဆိုချက် ထုတ်ပြန်လိုက်ပါတယ်။ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံအနေနဲ့ အရှိန်ယူပြီး အားသွန်ခွန်စိုက်ဆောင်ရွက်ရမှာဖြစ်လို့ ၂၀၂၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာ့နိုင်ငံရေး ပြဿနာကြောင့် အမေရိကန်အစိုးရ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံပိုင် အမေရိကန်ဒေါ်လာ (၁) ဘီလျံကို မြန်မာပြည်သူလူထုရဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ သုံးစွဲနိုင်ဖို့အတွက် ပြန်လည်ထုတ်ပေးဖို့ FUA က တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဧပြီ ၃ ရက် မနက်ပိုင်း စာရင်းတွေအရ ဖျက်အားပြင်းငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ၃,၁၀၀ ခန့်၊ ဒဏ်ရာရရှိသူ ၄,၇၀၀ ကျော်ရှိခဲ့သလို လူနေအိမ် ၂၁,၆၀၀ ခန့်၊ ဘုရားစေတီ ၁,၆၉၀ နှင့် စာသင်ကျောင်း ၁,၀၀၀ ကျော် ပျက်စီးခဲ့လို့ ဒီဆုံးရှုံးမှုတွေဟာ ဒေါ်လာ ၁၀ ဘီလျံကျော်ရှိနိုင်ပေမဲ့လည်း အစိုးရက မတည်ငွေ ကျပ်ဘီလျံ ၅၀၀ နဲ့ လုပ်ငန်းရှင်တွေလှူဒါန်းမှု ကျပ်ဘီလျံ ၂၀၀ ခန့်ရှိလို ဒေါ်လာ ၁ ဘီလျံခွဲကျော်သာရှိနေတာကြောင့် အကူအညီတွေ များစွာလိုအပ်နေလို့ ပြန်ပေးဖို့ တောင်းဆိုကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရဟောင်းလက်ထက်မှာ တပ်မတော်ကို ခြေပုတ်ခေါင်းပုတ်၊ မထီမဲ့မြင် ခဏခဏလုပ်တာတွေနဲ့ ရွေးကောက်ပွဲမသမာမှုတွေကြောင့် ဒီမိုကရေစီနောက်ပြန်လှိုင်းရိုက်တော့မယ့်အခိုက်မှာ မြန်မာနိုင်ငံနဲ့ တပ်မတော်ကို မကြာခဏပိတ်ဆို့နေတဲ့ အမေရိကန်နိုင်ငံဆီကို NLD အစိုးရဟောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အကြံပေး ရှောင်တာနယ်လ်တို့အုပ်စုက ကြိုတင်ကြံရွယ်ချက်ရှိရှိနဲ့ နိုင်ငံခြားအရန်ငွေ ဒေါ်လာ တစ်ဘီလျံကို အမေရိကန်က Federal Reserve Bank of New York မှာ အပ်နှံလိုက်တာပါ။ ဒီလို အပ်နှံလိုက်ပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ တကယ်ပဲ ဒီမိုကရေစီနောက်ပြန်လှိုင်း ရိုက်ခဲ့သလို အဲဒီအချိန် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဒေါ်လာတစ်ဘီလျံကို ထိန်းသိမ်းအပြီးမှာ NLD ကနေ ပေါက်ဖွားလာတဲ့ CRPH နဲ့ NUG အုပ်စုဟာ ဒီတစ်ဘီလျံကို အကြောင်းအမျိုးမျိုးပြပြီး သုံးစွဲခွင့်တောင်းနေသလို ဒေါ်လာတစ်ဘီလျံကို သုံးခွင့်မရရင်တောင်မှ သန်းရာဂဏန်းရှိနိုင်တဲ့ ဒေါ်လာတစ်ဘီလျံရဲ့အတိုးငွေကို သုံးခွင့်ရဖို့ ကြိုးပမ်းနေတာပါ။ ဒီလိုမျိုး ကြိုးပမ်းနေတာကို SAC က နုတ်ဆိတ်နေသလို NUG ကိုလည်း အသိအမှတ်ပြုမထားတဲ့ အမေရိကန်က အရင်းတစ်ဘီလျံရော အတိုး သန်းရာဂဏန်းကိုပါ သုံးစွဲခွင့်မပြုချိန်မှာ FUA ရဲ့ တောင်းဆိုမှု ထွက်လာတာပါ။ ဒါပေမဲ့လည်း သေချာတာက အမေရိကန်ဟာ NUG ကိုရော FUA က မြန်မာနိုင်ငံအတွက် တောင်းခံတာကိုပါ ပေးမှာမဟုတ်ဘဲ ရွေးကောက်ပွဲလုပ်ပြီးလို့ အရပ်သားအစိုးရသစ်တက်လာမှ နိုင်ငံရေးရေချိန်ကို တွက်ဆပြီးမှ ဒီ ဒေါ်လာတစ်ဘီလျံကို ပြန်ပေးနိုင်ခြေရှိတာပါ။ ဘယ်လိုပဲဖြစ်နေပါစေ ဒီ နိုင်ငံခြားအရန်ငွေ ဒေါ်လာတစ်ဘီလျံဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေ ပိုင်ဆိုင်တဲ့ ဥစ္စာဖြစ်လို့ အစိုးရဆိုသူတွေရော အမေရိကန်နိုင်ငံရောဟာ ထင်တိုင်းစီရင်ခွင့်မရှိသလို မြန်မာ့နိုင်ငံရေးပြောင်းလဲချိန်မှာ မလွဲမသွေ မြန်မာနိုင်ငံကောင်းကျိုးအသုံးပြုဖို့ ပြန်ပေးရမယ်ဆိုတာတော့ အားလုံးနားလည်ထားဖို့ လိုအပ်မှာပါ။
ငလျင်အမည်တပ် အပစ်ရပ်ပေမဲ့ ကတိပျက်ကြတဲ့ လက်နက်ကိုင်တွေအကြောင်း
မတ်လ ၂၈ ရက်က လှုပ်ခတ်တဲ့ ဖျက်အားပြင်းငလျင်ဘေးကြောင့် တပ်မတော်၊ EAO အပြင် NUG ကပါ ယာယီအပစ်အခတ်ရပ်မယ်လို့ ကြေညာခဲ့ကြပေမဲ့ ဒီအပစ်ရပ်မှုနဲ့ ပတ်သက်လို့ အမှန်တကယ် ရိုးဖြောင့်စွာထုတ်ပြန်တာမဟုတ်ဘဲ လိမ်လည်ထုတ်ပြန် အမြတ်ထုတ်ခဲ့တဲ့ဖြစ်ရပ်များစွာ တွေ့ခဲ့ရပါတယ်။
ပထမဆုံးထုတ်ပြန်တဲ့ NUG ဟာ စစ်ကိုင်းငလျင်ဘေးကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်နိုင်ဖို့ ခုခံကာကွယ်စစ်ကလွဲလို့ ထိုးစစ်အားလုံးကို ငလျင်ဘေး ဆက်စပ်နယ်မြေတွေမှာ ရက်သတ္တနှစ်ပတ်ကြာ (မတ် ၃၀ ရက်မှ ဧပြီ ၁၂ ရက်ထိ) ရပ်ဆိုင်းထားဖို့ မတ်လ ၂၉ ရက်မှာ အထူးညွှန်ကြားချက်(၂/၂၀၂၅) နဲ့ ထုတ်ပြန်တားမြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ထုတ်ပြန်ချက်ဟာ ဝိနည်းလွတ်ဖြစ်ပြီး ဆက်စပ်နယ်မြေမဟုတ်ရင် ဆက်ပြီးတိုက်ပါဆိုတဲ့ သဘောသက်ရောက်တာ၊ မူလကတည်းက ပြည်ပပြေး NUG ဟာ ပြည်တွင်းလက်နက်ကိုင် PDF တွေအပေါ် ဩဇာမရှိတာကြောင့် NUG ဩဇာခံ PDF တွေက NUG ရဲ့ ထုတ်ပြန်ချက်လည်း မလိုက်နာ၊ ပြည်သူတွေ လက်ရှိ အဓိကလိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားရရှိရေးမှာ အဓိကကဏ္ဍကနေ ပါဝင်တဲ့ လျှပ်စစ်ဓာတ်အားခွဲရုံကိုပါ ဆက်လက် ဖျက်ဆီးတိုက်ခိုက်နေခဲ့တာ မြင်ခဲ့ရပြီး မတ်လ ၃၁ ရက် နံနက် ၆ နာရီခန့်မှာ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ အနောက်မြောက်ဘက် မီတာ ၅၅၀၀ ခန့်အကွာ တညောင်ဓာတ်အားခွဲရုံစက်ရုံကို စလင်း PDF တွေ လာတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ နေ့လယ် ၂ နာရီ မိနစ် ၂၀ ခန့်မှာလည်း ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ဗောဓိကုန်းရွာ အထိုင်စခန်းက ထွက်ခွာလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တည်ပင်ကြောလမ်းခွမှာပြည်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁) PPDF တပ်ရင်း တပ်ခွဲ (၄) နဲ့ တပ်ခွဲ (၅) တို့ အတူပူးပေါင်းပြီး မိုင်း (၃)ကြိမ်ဆွဲတိုက်ခိုက်လို့ ၂ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးပြီး (၃) ဦးဒဏ်ရာရရှိသွားကြောင်းလည်း ထုတ်ပြန်ခဲ့ကြသေးတာပါ။ ဒါ့အပြင် PDF တွေက ကူညီကယ်ဆယ်ရေးယာဥ်တွေကိုလည်း တိုက်ခိုက်လုယက်မှု ဆက်လက်ပြုလုပ်နေကြတယ်လို့လည်း SAC က ထုတ်ပြန်ထားပါတယ်။ ဒီလိုပဲ NUG ထုတ်ပြန်ချက်မလိုက်နာတဲ့ ရေးဘီလူး PDF အဖွဲ့က NUG အပစ်ရပ်ဖို့ ထုတ်ပြန်ပြီး ၂ ရက်အကြာ ဧပြီ ၁ ရက် မနက် ၈ နာရီမှာ မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာက ပြည်သူစစ်ခေါင်းဆောင်ဆိုသူ ဦးအေးမောင်ကို ကျောင်းရွာကျေးရွာထဲက လက်ဖက်ရည်ဆိုင် တစ်ခုမှာ သတ်ဖြတ်လိုက်တာပါ။ ဒါ့အပြင် NUG အပစ်ရပ်ပြီး သုံးရက်အကြာ ဧပြီ ၂ ရက်မှာတော့ NUG ညွှန်ကြားချက်ကို ချိုးဖျက်ပြီးပါ အပစ်ရပ်မှာမဟုတ်ဘူးလို့ပါ ထုတ်ပြန်ခဲ့ပါသေးတယ်။ NUG လက်အောက်ခံ ရေးဘီလူး PDF အဖွဲ့ဟာ မနှစ်က ဇွန်လအတွင်းမှာလည်း ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာက ဦးဇံမင်းဆိုသူကို ဖမ်းဆီးပြီး ရေးဘီလူးကိုယ်တိုင် လည်ပင်းခုတ်ဖြတ် သတ်ဖြတ်တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပြီးနောက်မှာ NUG က ရေးဘီးလူးကို ခုံရုံးတင်ဖို့ကြိုးစားပေမဲ့ ပြည်ပထွက်ပြေးပြီးမှ အမိန့်ထိုင်ပေးနေတဲ့ NUG ရဲ့ စစ်ခုံရုံးကို လက်နက်ကိုင် ရေးဘီလူးက မထီမဲ့မြင်ပြုထားတာကြောင့် NUG ဟာ ရေးဘီလူးရဲ့ စစ်ရာဇဝတ်မှုကို အခုထိ အရေးမယူနိုင်တာ တွေ့ရပါတယ်။
ဒုတိယထုတ်ပြန်ချက် ဖောက်ဖျက်တာက ရခိုင်လက်နက်ကိုင် AA ပါ။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဧပြီတစ်လလုံး တစ်ဖက်သတ်အပစ်ရပ်မယ်လို့ တရုတ်ကိုးကန့်လက်နက်ကိုင် MNDAA ၊ တအာန်းလက်နက်ကိုင် TNLA နဲ့ ရခိုင်လက်နက်ကိုင် AA တို့ ဧပြီ ၁ ရက်ကတင် ကြေညာခဲ့ပေမဲ့ အကြမ်းဖက်လက်နက်ကိုင်တို့ရဲ့ သစ္စာမဲ့မှု၊ ကတိမတည်မှုထုံးစံအတိုင်း ဧပြီ ၂ ရက် မနက်မှာတော့ ရခိုင်လက်နက်ကိုင် AA ဟာ တပ်မတော်ရဲ့ ညောင်ကျိုးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက် သိမ်းယူလိုက်ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းထဲမှာ မြောက်ပိုင်းသုံးဖွဲ့ထဲကပဲ MNDAA ဟာ တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်အရ လားရှိုးကို အပစ်ရပ်မယ်လို့ တိုင်းသိပြည်သိ တရုတ်နိုင်ငံသိအောင် ကြေညာစာထုတ်ခဲ့ပေမဲ့ ကတိမတည်ဘဲ လားရှိုးကို ဝင်ရောက်သိမ်းပိုက်တိုက်ခိုက်မှုမှာ လားရှိုး တပ်မတော်ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ပြည်သူတွေနဲ့ ဆေးတပ်က တပ်မတော်သားရာချီ သေဆုံး အဖမ်းခံခဲ့ရတဲ့ သစ္စာမဲ့ ကတိမတည်မှု ပြယုဂ်အထင်ကရရှိခဲ့ပါတယ်။ လက်ရှိဖြစ်စဥ်မှာလည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရဆဲ ရခိုင်လက်နက်ကိုင် AA ဟာ MNDAA လိုမျိုးပဲ သစ္စာမဲ့ ကတိမတည် ကိုယ်ထုတ်ထားတဲ့ အပစ်ရပ်စာ ကိုယ်တိုင်ဖောက်ဖျက်ပြီး၂၄ နာရီမပြည့်ခင်မှာတင် ညောင်ကျိုးစခန်းကို သာလွန်အင်အားနဲ့ အလစ်အငိုက်ယူ ဝင်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲကစပြီး တောင်ကုတ် – ပန်းတောင်းလမ်းပိုင်း၊ ဥသျှစ်ပင်မြို့အနီးက ညောင်ကျိုးစခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့ စခန်းကို မသိမ်းနိုင်ဖြစ်နေတာကြောင့် မတ်လ ဒုတိယအပတ်ထဲမှာ သိမ်းနိုင်ပြီဖြစ်ကြောင်း လိမ်လည်ဝါဒဖြန့်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အမှန်တကယ်သိမ်းနိုင်စွမ်းမရှိကြောင်း သတင်းမှန်တွေထွက်လာအပြီးမှ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က တစ်ကြိတ်တည်း တစ်ဉာဏ်တည်းသဘောနဲ့ ငလျင်အကြောင်းပြ တစ်လတာ တစ်ဖက်သတ် အပစ်ရပ်မယ် အယုံသွင်းထုတ်ပြန်ပြီးမှ ထုတ်ပြန်ချက် ၂၄ နာရီမပြည့်ခင် ညောင်ကျိုးစခန်းကို သာလွန်အင်အားနဲ့ အလစ်အငိုက်ယူ ဝင်သိမ်းလိုက်တာလည်း မြင်ရပါတယ်။
ဒီလိုမျိုး လက်နက်ကိုင်တွေဘက်က သစ္စာမဲ့မှုတွေကြောင့် တပ်မတော်က ခုခံစစ် ဆက်လက်ဆင်နွှဲတာတချို့ မြင်ခဲ့ရသလို မြန်မာ့တပ်မတော်လို့ သုံးစွဲပြီး တပ်မတော်နည်းတူ ရက် ၂၀ အပစ်ရပ်ပါ့မယ်လို့ကြေညာတဲ့ KIO/ KIA ကလည်း သက်သေအထောက်အထားမပါတဲ့ စာရွက်လေးတွေနဲ့ Google မြေပုံတင်ပြီး ဗုံးကြဲခံနေရကြောင်း ငိုသံပြုခဲ့ပါသေးတယ်။ လက်နက်ကိုင်တွေအားလုံးဟာ စစ်ရေးအနိုင်ရဖို့ မတရားတာ ဘာမှမရှိဘူးဆိုတဲ့မူနဲ့ မမှန်မကန်ဝါဒဖြန့်နေတာ၊ စစ်မြေပြင်ကို သာမန်လူတွေမသိနိုင်တာကြောင့် သက်သေမပါတဲ့ ဝါဒဖြန့်မှုတွေဟာ ယုံဖို့ခက်ပေမဲ့ သေချာတာကတော့ တစ်နိုင်ငံလုံး ငလျင်ဘေးကြုံနေလို့ ရက် ၂၀၊ ရက် ၃၀ လောက်လေး အပစ်ရပ်ပေးရတာတောင် ကတိမတည်တဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ၊ လူမျိုးစွဲကြီး အမုန်းတရားမီးတောက်လောင်နေတဲ့ အသိဉာဏ်မဲ့ လက်နက်ကိုင်တွေနဲ့တော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလည်း မပေါ်နိုင်သလို ဖက်ဒရယ်တပ်မတော်လည်း ပေါ်လာမှာမဟုတ်ဘဲ သူဦးသူသတ်၊ ကိုယ်ဦးကိုယ်သတ်နဲ့ပဲ မြန်မာနိုင်ငံက အပြစ်မဲ့ပြည်သူ သန်း ၅၀ ကျော်ဟာ လက်နက်ကိုင်ထားတဲ့ လူ ၂ သိန်းလောက်ဖျက်ကြလို့ ပျက်နေတဲ့နိုင်ငံကြီးမှာ ရုပ်ပျက်ဆင်းပျက် ရှင်သန်နေရဦးမယ့် သဘောပါပဲ။
အမြတ်ထွက် BIMSTEC
ပြီးခဲ့တဲ့ ဇန်နဝါရီလလောက်ကသာ SAC အစိုးရအဖွဲ့ခေါင်းဆောင်ကို ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတွေက လေးလေးစားစား ဖိတ်ကြားတွေ့ဆုံ၊ နိုင်ငံတော်အဆင့် ကော်ဇောနီခင်းပြီး ကြိုဆိုမယ်ဆိုရင် ယုံနိုင်သူရှိမှာမဟုတ်ပေမဲ့ နှစ်လကျော် သုံးလအကြာ အခုအခါမှာတော့ တကယ်ဖြစ်လာခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ အဋ္ဌမအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (8th Greater Mekong Subregion Summit) မှာ SAC ခေါင်းဆောင်ဟာ တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့သလို မတ်လဆန်းမှာလည်း စစ်ပွဲနိုင် ရုရှားသမ္မတ ပူတင်၊ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို စတဲ့သူတွေနဲ့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်တွေ့ဆုံအပြီးမှာ အခုဆို ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ခြောက်ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို တက်လာတဲ့ အိမ်နီးချင်း ကမ္ဘာ့အင်အားကြီးနိုင်ငံခေါင်းဆောင် အိန္ဒိယဝန်ကြီးချုပ်မိုဒီ၊ ထိုင်းဝန်ကြီးချုပ်ပေတုံတန်နဲ့ နီပေါနိုင်ငံဝန်ကြီးချုပ်တို့နဲ့ သီးခြားစီ တွေ့ဆုံမှုအပြင် တခြား BIMSTEC ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ ဒါ့အပြင် ထူးခြားဖြစ်စဉ်အဖြစ်လည်း အမေရိကန်မှာ ထရန့်တက်လာအပြီး မြန်မာ့အရေးမွှေနှောက်နေတဲ့ USAID ဟာ ဂျိုးဘိုင်ဒန်နဲ့ အတူကျဆုံးသွားအပြီးမှာ ပထမအကြိမ်သက်တမ်းတုန်းက မြန်မာနိုင်ငံကို ဘယ်နားရှိလဲတောင် ရေရောရာရာမသိတဲ့ ထရန့်က အမေရိကန်သုံးစွဲနေကြ ဘားမားဆိုတာထက် မြန်မာလို့သုံးနှုန်းပြီးကို ကူညီမယ်လို့ သတင်းစာရှင်းလင်းပွဲအလှူမှာ ပြောခဲ့ပါသေးတယ်။ လာမယ့်မေလ ၉ ရက်မှာ ပြုလုပ်မယ့် ရုရှားအမျိုးသားအောင်ပွဲနေ့ကို SAC ဥက္ကဋ္ဌကိုယ်တိုင်တက်ရောက်ဖို့လည်း ရုရှားသမ္မတပူတင်ကိုယ်တိုင် ဖိတ်မန္တကပြုခဲ့တာ၊ ဒီပွဲကိုပါ တရုတ်သမ္မတရှီကျင့်ဖျင် ရောက်လာဖွယ်ရှိနေတာကြောင့် တရုတ်သမ္မတနဲ့သာ သီးခြားစီတွေ့ဆုံမယ်ဆိုရင် လေးနှစ်လောက်ကမ္ဘာက ပတ်သက်ဆက်နွှယ်မှုမရှိတဲ့ SAC အစိုးရအဖွဲ့ခေါင်းဆောင်ဟာ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတွေရဲ့ နိုင်ငံခေါင်းဆောင်တွေဆီက အလေးအမြတ်ပြုတွေ့ဆုံဆက်နွှယ်မှုတွေ ရရှိခဲ့တယ်လို့ ဆိုရပါတော့မယ်။
SAC ဥက္ကဋ္ဌအပေါ် ဒီလိုမျိုး ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ခေါင်းဆောင်တွေက အသိအမှတ်ပြု အောင်မြင်ခြင်းဟာ တစ်ဖက်မှာတော့ ဒီလိုမအောင်မြင်အောင် ချိုးနှိမ်တိုက်ခိုက် တားဆီးနေတဲ့ NUG ရဲ့ ကျရှုံးခြင်းလို့ပဲ ပြောရမှာပါ။ အထူးသဖြင့် အာဂျင်တီးနားက ဝရမ်းထုတ်ထားတာဆိုပြီး ဖိအားပေးချင်နေတဲ့သူတွေအဖို့ သူတို့ကြိုးစားအားထုတ်မှုဟာ အချည်းနှီးဖြစ်ခဲ့ရခြင်းရဲ့ အခြားသောတစ်ဖက်က NUG နဲ့ PDF တွေရဲ့ တရားလက်လွတ် လူသတ်၊ လုယက်မှုတွေကြောင့်မို့လို့လည်း ကမ္ဘာကြီးက သူတို့ကို အဖက်ဆက်မလုပ်တော့တဲ့သဘောလို့ ပြည်သူတိုင်းက နားလည်သင့်ချိန်လို့ပါ အကြံပေးရမှာပါ။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းအပေါ် ကမ္ဘာကြီးက ဖြေလျော့လာချိန်မှာ မြို့ ၉၀ ကျော် အသိမ်းခံထားရလို့ စစ်ရှုံးနေတယ်ပြောနေချိန်မှာ စစ်ရေးရော၊ နိုင်ငံရေးရော ချိန်ခွင်လျှာ SAC ဘက် ပြောင်းလာတဲ့အဖြေက NUG, PDF နဲ့ EAO တို့ရဲ့ အကြမ်းဖက်မှုကို ကမ္ဘာကြီးက မျက်မြင်သိလာမှုအပြင် အခြားသောတစ်ဖက်မှာ ရွေးကောက်ပွဲကျင်းပမယ့်ကာလ အတိအကျထုတ်ပြောလာတာကလည်း အဓိကအချက်အဖြစ်ပါဝင်တာမို့ ကမ္ဘာကို ကြေညာထားသလို လာမယ့် ဒီဇင်ဘာ၊ ဇန်နဝါရီမှာ ရွေးကောက်ပွဲဖြစ်မြောက်ပြီး ၂၀၂၆ ဧပြီမှာ အစိုးရသစ်ကို အမှန်တကယ်အာဏာလွှဲပေးလိုက်မယ်ဆိုရင်ဖြင့် Failed State ဖြစ်လုဆဲဆဲနိုငငံကို ကယ်တင်နိုင်မှာ မလွဲဧကန်ပါလို့ သုံးသပ်ချင်မိရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။