ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့သည်မှာ ၆ ရက်တိုင်ရှိပြီဖြစ်သော်လည်း ယမန်နေ့အထိ အသက်ရှင်လျက် ကယ်ထုတ်နိုင်မှုများ ရှိနေသေးဟု SAC ဥက္ကဋ္ဌ ပြောကြား

၄. ၄. ၂၀၂၅
Written by Nyein Kyaw
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘူတန်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Tshering Tobgay တို့သည် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဘန်ကောက်မြို့ရှိ ShangriLa ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် ဘူတန်နိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ မိမိတို့ဘုရင်မင်းမြတ်က များစွာစိတ်မကောင်းဖြစ်ရသည်ကို အမှာစကားပါးလိုက်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ပြီး ကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံအတွက် လိုအပ်သည့် အကူအညီများကိုလည်း ဆက်လက်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
SAC ဥက္ကဋ္ဌက အဆွေတော်တို့နိုင်ငံ၏ ဘုရင်မင်းမြတ်နှင့် ပြည်သူများ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် စိတ်စေတနာများကို သိရှိရသည့်အတွက် များစွာကျေးဇူးတင်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့သည်မှာ ၆ ရက်တိုင်ရှိပြီဖြစ်သော်လည်း ယမန်နေ့ အထိအသက်ရှင်လျက် ကယ်ထုတ်နိုင်မှုများ ရှိနေသေးကြောင်း၊ ဘူတန်နိုင်ငံအနေဖြင့် မိမိတို့နိုင်ငံ၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ဝင်ရောက်ကူညီ ဆောင်ရွက်ပေးမှုများအတွက်လည်း များစွာကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် အခြားပူးပေါင်းဆောင်ရွက်၍ရသည့်ကဏ္ဍများ၌ ပူးပေါင်ဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးနှင့် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုများ ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် SAC ဥက္ကဋ္ဌသည် ဘင်းမ်စတက် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey နှင့် ShangriLa ဟိုတယ်၌ပင် တွေ့ဆုံဆွေးနွေးခဲ့ကာ မြန်မာနိုင်ငံအနေဖြင့် နေပြည်တော်၌ စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်အမျိုးသားလုံခြုံရေးညီလာခံကို အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ခဲ့မှု၊ မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်အဖွဲ့အတွင်း တက်ကြွစွာဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်အစည်းအဝေးကို အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ခဲ့မှုနှင့် ဘင်းမ်စတက်စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍအတွက် မြန်မာနိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။