
၄. ၄. ၂၀၂၅
Translated by Thettant
အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် ဩစတြေးလျတို့ပါဝင်သော QUAD (Quadrilateral Security Dialogue) အဖွဲ့က ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း၂၀ ကျော် ထောက်ပံ့မည်ဖြစ်ကြောင်း ယမန်နေ့တွင် သဘောတူညီခဲ့ကြသည်။
QUAD အဖွဲ့က ဘဏ္ဍာရေးထောက်ပံ့မှုအပြင် အရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့များ စေလွှတ်ခြင်း၊ ငလျင်ဒဏ်ခံစားရသူများအား ကူညီပေးရန် မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသည့် လူသားချင်းစာနာမှုအဖွဲ့များကို ပံ့ပိုးခြင်းနှင့် အထောက်အပံ့ပစ္စည်းများ ပို့ဆောင်ရေးကို လွယ်ကူမြန်ဆန်စေရန် ဆောင်ရွက်ပေးမည်ဖြစ်သည်။
မြန်မာ့ငလျင်ဘေး တုံ့ပြန်ရေးဆိုင်ရာ ပူးပေါင်းကြေညာချက်တွင် QUAD အဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံသားများ ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးမှု၊ ဒဏ်ရာရရှိမှုနှင့် အခြေခံအဆောက်အအုံများ ပျက်စီးမှုများအတွက် အနက်ရှိုင်းဆုံး စာနာကြင်နာမှုနှင့်အတူ ဝမ်းနည်းရပါကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။
ထို့အပြင် QUAD အဖွဲ့သည် မကြာသေးမီက ကြေညာခဲ့သည့် ယာယီအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကတိကဝတ်များကို ကြိုဆိုပြီး မြန်မာနိုင်ငံတဝှမ်း အသက်ကယ်အထောက်အပံ့များ အချိန်နှင့်တစ်ပြေးညီ ပို့ဆောင်နိုင်ရန်အတွက် လုံခြုံပြီး အထောက်အကူဖြစ်စေမည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် ပါဝင်သူအားလုံးအား ထိုအစီအစဥ်များကို အကောင်အထည်ဖော် တိုးချဲ့နိုင်ရန် တိုက်တွန်းခဲ့သည်။
အထောက်အပံ့များ မြန်မြန်ဆန်ဆန် ရောက်ရှိစေရန်နှင့် ငလျင်ဒဏ်သင့်ဒေသများသို့ ထိရောက်စွာ ဖြန့်ဖြူးနိုင်ရန်အတွက် QUAD အဖွဲ့ဝင်နိုင်ငံများ၏ လူသားချင်းစာနာမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီပူးပေါင်းဆောင်ရွက်မှုအဖွဲ့သည် ASEAN သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (AHA Centre) အပါအဝင် အခြားမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ညှိနှိုင်းရေးပူးပေါင်း အဖွဲ့တစ်ခုကို ဖွဲ့စည်းထားကြောင်းလည်း ပြောကြားခဲ့သည်။
Ref, MENAFN