
၄.၄.၂၀၂၅
Written By Zun
မန္တလေးစည်ပင်ရုံးကြီးအတွင်း ဂျပန်နိုင်ငံကရွေ့လျားဆေးရုံတစ်ခုကို ယနေ့ ဧပြီလ ၄ ရက်တွင် စတင် တည် ဆောက်နေပြီး ငလျင်ဒဏ်သင့်ဒေသခံများအား ကျန်းမာရေးအတွက် အခမဲ့ကုသပေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွေ့လျားဆေးရုံကို ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးကြီးအတွင်း ဂျပန်နိုင်ငံ Japan Disaster Relief Team (JDR) က ယနေ့ ဧပြီ ၄ရက်၊ နံနက်ပိုင်းတွင် စတင်တည်ဆောက်နေခြင်းလည်း ဖြစ်သည်။

အဆိုပါ ဆေးရုံတွင် ငလျင်ဘေးသင့်ပြည်သူများအနေဖြင့် X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်း၊ ပြင်ပထိခိုက်ဒဏ်ရာများ၊ အရိုးကျိုးခြင်းနှင့်အထွေထွေရောဂါများ အခမဲ့ ကုသပေးမည် ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ ဆေးပညာရှင်အဖွဲ့မှ ဆေးအဖွဲ့ဝင် ၃၁ ဦးက ဦးဆောင်၍ ကုသပေးမည် ဖြစ်ကြောင်း သိရသည်။
ဆေးရုံကို နံနက်ပိုင်းတွင် တည်ဆောက်၍ နေ့လယ်ပိုင်းက စတင်ကာ ဆေးကုသမှုများပြုလုပ်နေပြီ ဖြစ်ကြောင်း၊ နောက်ရက်များကစ၍ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လာရောက်ဆေးဝါးကုသမှုခံယူနိုင်မည်ဖြစ်ကြောင်း သိရသည်။