
၄.၄.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ Guo Jiakun က အမေရိကန်အစိုးရ ကြေညာခဲ့တဲ့ ကုန်သွယ်စည်းကြပ်ခွန်အသစ်တွေကို ဧပြီလ ၃ ရက်မှာ ရှုတ်ချပြောကြားခဲ့ပြီး တရုတ်အစိုးရအနေနဲ့ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ကာကွယ်မှုပြုသွားမယ်ဆိုတာကိုလည်း ကတိပြုပြောကြားခဲ့ပါတယ်။
Guo Jiakun က “ကုန်သွယ်ရေးကို အပြန်အလှန်ထိန်းကျောင်းတယ်ဆိုပြီး အမေရိကန်အစိုးရက တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများအပေါ် ကုန်သွယ်စည်းကြပ်ခွန်တွေ ပြဌာန်းခဲ့တယ်။ ဒါက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တာဖြစ်သလို အများအကျိုးတူ ကုန်သွယ်မှုစနစ်အပေါ် အခြေခံတဲ့စည်းမျဉ်းတွေကိုလည်း ထိခိုက်ပျက်ပြားစေတယ်။ တရုတ်အနေနဲ့ ဒီလိုဆောင်ရွက်မှုကို ခိုင်မာစွာရှုတ်ချပြီး ဥပဒေကြောင်းအရ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဆောင်ရွက်ချက်တွေကို ပြုလုပ်သွားမှာဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။
တရုတ်နိုင်ငံမှ အမေရိကန်ကို တင်ပို့ပစ္စည်းတွေက အရင်က ၂၀ ရာခိုင်နှုန်း ကုန်သွယ်စည်းကြပ်ခွန်ပြဌာန်းခံထားရရာက ထပ်မံလို့ ၃၄ ရာခိုင်နှုန်း တိုးမြှင့်ပြဌာန်းခံရပြီး စုစုပေါင်း ၅၄ ရာခိုင်နှုန်းအထိ သတ်မှတ်ခံရမှာပါ။
ဒါ့ပြင် Guo Jiakun က “ကုန်သွယ်ရေးစစ်ပွဲတွေနဲ့ အခွန်ကောက်ခံမှုစစ်ပွဲတွေသာ တကယ်တမ်းဖြစ်လာခဲ့ရင် ဒီစစ်ပွဲတွေမှာ နိုင်တဲ့သူရယ်လို့ ရှိမှာမဟုတ်သလို ကိုယ့်အကျိုးစီးပွားလုပ်ငန်းကိုသာ အသာရစေဖို့ တစ်ဖက်သတ်နည်းလမ်းလည်းမရှိဘူးဆိုတာ တရုတ်နိုင်ငံက အကြိမ်များစွာအလေးထားပြောခဲ့တယ်။ တရုတ်အစိုးရကအမေရိကန်အစိုးရကို ကမ္ဘာတစ်ဝန်းမှားယွင်းနေတဲ့ အလေ့အထ ကျင့်သုံးမှုတွေကို တရုတ်အပါအဝင် ကမ္ဘာ့နိုင်ငံတွေနဲ့ ညှိနှိုင်းဆွေးနွေးသွားကြဖို့လည်း တိုက်တွန်းခဲ့တယ်။ ဒါက ကုန်သွယ်ရေးဆိုင်ရာ မညီမမျှ ကွဲပြားမှုတွေကို တန်းတူညီမျှမှု၊ လေးစားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမှုတို့နဲ့ ဖြေရှင်းပေးနိုင်မယ်လို့ အမေရိကန်ကိုတိုက်တွန်းခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု သမ္မတဒေါ်နယ်ထရန့်က တရုတ်နိုင်ငံနဲ့ ဟောင်ကောင်တို့ကနေ အမေရိကန်ပြည်ထောင်စုကို တန်ဖိုးနည်း ပက်ကေ့ဂျ်ကုန်ပစ္စည်းတွေကို နေ့စဉ်အကောက်ခွန်မဲ့တင်သွင်းခွင့်ပြုထားတဲ့ ကုန်သွယ်ရေး ဟာပေါက်တစ်ခုလို့လည်းဆိုနိုင်တဲ့ de minimis ကုန်သွယ်မှု အခွင့်အရေးကိုပိတ်ပင် တယ်လို့ အမိန့်တစ်ရပ်ကို ဧပြီလ ၂ ရက်က လက်မှတ်ထိုးခဲ့ပါတယ်။
လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာ အမေရိကန်နိုင်ငံသား ၄၅၀,၀၀၀ ကျော်သေဆုံးစေခဲ့တဲ့ Synthetic opioid crisis ခေါ်တဲ့ တရုတ်နိုင်ငံမှ ဓာတုဆေးဝါးတွေကြောင့် အမေရိကန်က တရုတ်နိုင်ငံကိုအရေးယူဖို ကတိပြုလှုပ်ရှား ဆောင်ရွက်နေပါတယ်။ မက္ကဆီကိုနိုင်ငံက မူးယစ်ဆေးဝါးဂိုဏ်းတွေက အနာအကျင်ပျောက်ဆေးလို မူးယစ်ဆေးဝါးနဲ့ဆက်စပ်နေတဲ့ မူးယစ်ဓာတုဆေးဝါးတွေ ထုတ်လုပ်ဖို့ ကုန်ကြမ်းတွေကို တရုတ်ဓာတုပစ္စည်းထုတ်လုပ်သူတွေဆီက ရခဲ့တာပါ။
Ref- Bangkok Post