
၄. ၄. ၂၀၂၅
Written by Nyein Kyaw
ပြီးခဲ့သည့် မတ်လအတွင်း မြန်မာ့ကုန်ထုတ်လုပ်မှုသည် သုံးလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် သုံးလဆက်တိုက် ကျဆင်းမှုတွင် အားနည်းဆုံးဖြစ်ခဲ့ကြောင်း ဧပြီ ၂ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာ့ကုန်ထုတ်လုပ်မှု PMI အညွှန်ကိန်းသည် ဖေဖော်ဝါရီလတွင် ၄၈ ဒသမ ၅ သာရှိခဲ့ရာမှ ပြီးခဲ့သည့် မတ်လတွင် ၄၉ ဒသမ ၈ သို့ မြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေကောင်းမွန်မှုတွင် အနည်းငယ်သာ ယိုယွင်းမှုပြသကာ ၂၀၂၅ ခုနှစ် သုံးလဆက်တိုက် ဦးစိုက်မှုတွင် အားအနည်းဆုံး ကျဆင်းမှုဖြစ်ကြောင်း ဖော်ပြထားသည်။

ကုန်ထုတ်လုပ်မှုအသစ်များ စတင်ရောင်းချခြင်းက လာမည့်နှစ်တွင် ရောင်းချမှုများနှင့် ထုတ်လုပ်ရေးကို မြင့်တက်စေမည်ဟု ပြည်တွင်းလုပ်ငန်းရှင်များက အကောင်းမြင်မှုရှိပြီး ဈေးနှုန်းဖိအား သက်သာလာခြင်းကလည်း ဖောက်သည်များကို ဆဲဆောင်နိုင်ရန် ထုတ်လုပ်သူများအတွက် အကျိုးရှိစေကြောင်း ဖော်ပြထားသည်။
“ဒါပေမဲ့ ထောက်ပံ့ရေးအပိုင်း စိန်ခေါ်မှုတွေက ထပ်တလဲလဲဖြစ်နေပါတယ်။ လုပ်ငန်းတွေက ကုန်ပစ္စည်း၊ လုပ်သားနဲ့ လျှပ်စစ်ဓာတ်အားတို့ကို စိတ်ချရစေဖို့ အခက်အခဲရှိတာကို တွေ့ကြရပြီး ပစ္စည်းပေးပို့ချိန် ကြာရှည်တာကို တွေ့ကြရပြီး ပစ္စည်းပေးပို့ချိန် ကြာရှည်တာ၊ လက်ကျန်အလုပ်စုပုံမှု သိသာလာတာနဲ့ လက်ဝယ်ရှိပစ္စည်းတွေအပေါ် ဆက်လက်မှီခိုနေရတာတွေကို ဖြစ်စေပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပါရဂူ Maryam Baluch က ပြောသည်။
မတ်လအတွင်း အနည်းငယ်ပြန်တိုးတက်ခဲ့သော မြန်မာ့ကုန်ထုတ်လုပ်မှုသည် မတ်လ ၂၈ ရက်တွင် ပြင်းထန်ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံအတွင်း လူသေဆုံးဒဏ်ရာရရှိမှုများအပြင် အခြေခံအဆောက်အအုံနှင့် အိုးအိမ်များ ပျက်စီးဆီးဆုံးရှုံးခဲ့ရခြင်းကြောင့် ယခုဧပြီလအတွင်း ကုန်ထုတ်မှုအခြေအနေမှာလည်း မမျှော်မှန်းနိုင်သေးသည့် အခြေအနေဖြစ်သည်။
ထို့ကြောင့် မြန်မာ့ကုန်ထုတ်လုပ်မှုသည် ယခုဧပြီလအတွင်း ပြင်းထန်စွာကျဆင်းမှုနှင့် ရင်ဆိုင်ရနိုင်မှုနှင့် ပြန်လည်ကုစားရေးများကြောင့် သက်သာသော ကျဆင်းမှုများ ဖြစ်ပေါ်နိုင်မည်ဆိုသည်မှာ ဧပြီလအတွက် ထုတ်ပြန်မည့် S&P Global မြန်မာ့ထုတ်လုပ်မှုစစ်တမ်းအား စောင့်ကြည့်ရမည်ဖြစ်သည်။