
MT News
၄. ၄. ၂၀၂၅
ဂျပန်ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ရန် သို့မဟုတ် လေ့ကျင့်ရေးသင်တန်းသားအဖြစ် လုပ်ကိုင်ရန်စီစဉ်ထားပြီး Overseas Worker Identification Card (OWIC) ကတ်ထုတ်ပေးမှု ဆိုင်းငံ့ထားသည့်အတွက် အခက်အခဲနှင့် စိုးရိမ်ပူပန်မှုများကြုံတွေ့နေရသူ မြန်မာနိုင်ငံသားများအတွက် ဆွေးနွေးအကြံပေးရေးစင်တာကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် မြန်မာ-ဂျပန်စင်တာ (MJC) တို့ ပူးပေါင်း၍ ဖွင့်လှစ်သည့် အဆိုပါစင်တာကို ဧပြီလ ၇ ရက်နေ့မှစတင်၍ မြန်မာ-ဂျပန်စင်တာတွင် အချိန်ကာလအကန့်အသတ်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်သည်။
စင်တာတွင် အလုပ်သမားစေလွှတ်ရေးအေဂျင်စီ၊ ပညာသင်ကြားရေး၊ စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်ရေး၊ ဥပဒေရေးရာ စသဖြင့် ဆိုင်ရာကဏ္ဍများစွာအလိုက် ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်နိုင်ရန် စီစဉ်ထားသည့်အတွက် ဆက်ဆက်လာရောက်၍ ဝန်ဆောင်မှုများရယူနိုင်မည်ဖြစ်ပြီး စင်တာသို့မလာရောက်မီ ကြိုတင်စာရင်းသွင်းရမည့် https://ee.kobotoolbox.org/vqupCdxP တွင် ဦးစွာ ကြိုတင်စာရင်းသွင်းရမည် ဖြစ်သည်။
ပထမအကြိမ်တွင် စင်တာတည်ရှိရာ MJC သို့ အတတ်နိုင်ဆုံး ကိုယ်တိုင်လာရောက်ဆွေးနွေးစေလိုပြီး ကိုယ်တိုင်လာရောက်ရန် အခက်အခဲရှိပါက အွန်လိုင်းဖြင့် ဆက်သွယ်ဆွေးနွေးပေးမည်ဖြစ်သည်။
စင်တာကို ၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက် (တနင်္လာနေ့) မှ ဇွန်လ ၆ ရက် (သောကြာနေ့) အထိ နေ့စဥ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဖွင့်လှစ်ပေးမည်ဖြစ်သော်လည်း သင်္ကြန်ကာလများဖြစ်သည့် ဧပြီလ ၁၄ ရက် (တနင်္လာနေ့) မှ ဧပြီလ ၂၁ ရက် (တနင်္လာနေ့) အထိ ကာလအတွင်း စင်တာကိုပိတ်ထားမည်ဖြစ်သည်။