MT News
Written by Min Mahar
မန္တလေးမြို့ အရိပ်မထွက်ဘုရားဘေးရှိ အမရဌာနီအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ယမန်နေ့ နေ့လည်ပိုင်းက လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ဖောက်ခံရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြာင်း မြို့ခံပြည်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ အကွက် (၃၀)၊ ၇၈ လမ်းနှင့် ၇၉ ကြား၊ ၉ လမ်းပေါ်ရှိ အရိပ်မထွက်ဘုရား၏တောင်ဘက်တွင်ရှိသော အမရဌာနီအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦးစီးလာပြီး အနောက်မှ ပါလာသူက လက်ပစ်ဗုံးဖြင့် ပစ်ဖောက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရပ်ကွက်နေပြည်သူများကို MT News အနေဖြင့် လိုက်လံစုံစမ်းမေးမြန်းခဲ့ရာတွင် ၎င်းရုံးရှေ့ရှိ စျေးတန်းမှ စျေးသည်တစ်ဦးမှ “နေ့လည် တစ်ချက်တီးခါနီးလောက်က ရပ်ကွက်ရုံး ဗုံးပေါက်ကွဲသေးတယ်။ ဘယ်သူတွေပေါက်သွားလည်းတော့မသိဘူး။ တော်သေးတယ်။ အဲဒီအချိန်က လူအသွားအလာနည်းနေသေးလို့။ မနက်ခင်းလို စျေးအသွားအလာနဲ့လူများချိန်ဆိုရင်ဘမလွယ်လောက်ဘူး။ ကင်းစောင့်နေတဲ့ စစ်သားကလည်း တွေ့ရာ မပစ်တာဘဲ တော်သေးတယ်။ ပစ်လိုက်လို့ကတော့အသွားအလာအကုန်ထိကုန်မှာပဲ။ ချက်ချင်းလမ်းတွေပိတ်ဆို့ပြီး စစ်ဆေးတော့တာပဲ။ ရဲစခန်းနဲ့လည်းနီးတော့ မြန်တယ် ရောက်လာကြတာ။ ဘုရားက အပေါက်တွေလည်း အကုန်ပိတ်ထားတော့တာပဲ။ ဘုရားဆိုအခုထိ ပြန်မဖွင့်ပေးတော့ဘူး။ စျေးသယ်တွေတောင် အကုန်လန့်ပြီး ဆိုင်တွေပိတ်ကုန်တော့တာပါပဲ။ ညနေမှ တစ်ဆိုင်နှစ်ဆိုင်လောက်ပဲဖွင့်ကြတော့တာ။ ခုလိုခေတ်ကာလကြီးမှာ လုပ်စားကိုင်စားရတာမလွယ်ပါဘူး။ ကျီးလန့်စာစားနေရတဲ့ဘဝကနေ အမြန်ပြီးဆုံးစေချင်ပြီ” ဟု ရင်ဖွင့်ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲသောရပ်ကွက်ရုံးသည် တန်ခိုးကြီးသမိုင်းဝင် အရိပ်မထွက်ဘုရား၏ တောင်ဘက်တွင်တည်ရှိနေပြီး ၎င်းရုံး၏ အရှေ့ဘက်တွင်လည်း ဆရာစံစျေး( ဒေသအခေါ် သရဲစျေး / ဘူတာစျေး)လည်းရှိသောကြောင့် အမြဲလူစည်ကားရာနေရာတစ်ခုလည်းဖြစ်သည်။
ထိုဗုံးပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပစ်ခတ်သူများကို ဖမ်းဆီးရမိရေး ပိတ်ဆို့ကာ လိုက်လံစုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။