
MT News
၄. ၄. ၂၀၂၅
ဆဋ္ဌမအကြိမ်မြောက် ဘင်းစ်စတက် (BIMSTEC) အစည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အလှည့်ကျဥက္ကဋ္ဌဖြစ်သော အိမ်ရှင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့်အတူ ဆက်လက် တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ်သည် မတ်လ ၂၈ ရက်က ဖြစ်ပွားသော ဖျက်အားပြင်း ငလျင်လှုပ်ခတ်အပြီး မတ်လ ၂၉ ရက်တွင် SAC ဥက္ကဋ္ဌကို ဖုန်းဆက်သွယ်ကာ ငလျင်ဒဏ်ခံစားရသည့် မြန်မာပြည်သူများနှင့် အတူရှိနေကြောင်း ဖုန်းဆက်စကားပြောကြားခဲ့သလို ထိရောက်သောကူညီမှုများ ချက်ချင်းလုပ်ဆောင်ပေးသူ ကမ္ဘာ့အင်အားကြီးနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သည့်အပြင် SAC ဥက္ကဋ္ဌကိုလည်း မကြာမီရက်ပိုင်းအတွင်း ပြုလုပ်မည့် ဘင်းမ်စတက်အစည်းအဝေးတွင် တွေ့ဆုံမည်ဟုလည်း ဖိတ်ခေါ်ခဲ့သူ ဖြစ်သည်။




လက်ရှိကျင်းပမည့် ဘင်းမ်စတက်အစည်းအဝေးတွင် မြန်မာ့ငလျင်ဘေး အကူအညီပေးရေးအပြင် ဘင်းမ်စတက်ပို့ဆောင်ဆက်သွယ်ရေးပင်မစီမံကိန်း အကောင်အထည်ဖော်မှုနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်း တိုးတက်မှုရရှိရေးအတွက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆွေးနွေးဖွယ်ရှိနေသည်။
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းမှာ ၇၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး မြန်မာနိုင်ငံဘက်မှ တိုက်ပွဲများကြောင့် ဆိုင်းငံ့နေရကာ BIMSTEC Master Plan for Transport Connectivity မှာ BIMSTEC အဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံကို ချိတ်ဆက်သွားလာမှုများတိုးမြှင့်ရန် ရည်ရွယ်ထားပြီး စီမံကိန်းပေါင်း ၂၆၇ ခုပါဝင်ကာ ဒေါ်လာ ၁၂၅ ဘီလျံခန့် အသုံးပြုရမည်ဖြစ်သည်။