မြန်မာနှင့် ထိုင်းနိုင်ငံတို့၌ ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်ပျက်စီးဆုံးရမှုများအတွက် ဝမ်းနည်း ကြောင်းအထိမ်းအမှတ်အဖြစ် ဘင်းမ်စတက်တွင် တစ်မိနစ် ငြိမ်သက်
ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးရမှုများအတွက် စာနာထောက်ထားကြောင်းနှင့် အကူအညီများ ဆက်လက်ပေးအပ်သွားမည်ပြောကြား

MT News
၄.၄. ၂၀၂၅
ဘင်းမ်စတက်ပို့ဆောင်ဆက်သွယ်ရေးပင်မစီမံကိန်း အကောင်အထည်ဖော်မှုနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်း တိုးတက်မှုရရှိရေးအတွက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ဧပြီ ၃ ရက်က ကျင်းပပြုလုပ်သည့် (၂၀)ကြိမ်မြောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သောဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးများသို့ ပြောကြားခဲ့သည်။
အစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ် ဆတ်ငီယမ်ဖုန် က သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပြီး အခြားဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် တို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးမစတင်မီ ဝန်ကြီးများနှင့် တက်ရောက်လာသည့် ကိုယ်စားလှယ်များသည် မြန်မာနှင့် ထိုင်းနိုင်ငံတို့၌ ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်ပျက်စီးဆုံးရမှုများအတွက် ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ကြသည်။ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးရမှုများအတွက် စာနာထောက်ထားကြောင်းနှင့် အကူအညီများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။





ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာ၌ မြန်မာနိုင်ငံ၌ ၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးရမှုများအတွက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများက ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခြင်းနှင့် အကူအညီများပေးအပ်ခြင်းတို့အတွက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဆဋ္ဌမအကြိမ် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၌ ဘင်းမ်စတက်ဗန်ကောက် မျှော်မှန်းချက် (၂၀၃၀)နှင့် ဘင်းမ်စတက် ယန္တရားများဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အတည်ပြုနိုင်တော့မည်ဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဘင်းမ်စတက် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ပထမအကြိမ် စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို လက်ခံ ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်ပို့ဆောင်ဆက်သွယ်ရေးပင်မစီမံကိန်း အကောင်အထည်ဖော်မှုနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်း တိုးတက်မှုရရှိရေးအတွက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်ပဋိညာဉ်စာတမ်းပါ ရည်မှန်းချက်များ ရရှိစေရန်နှင့် သာယာဝပြော၍ ကြံ့ကြံ့ခံနိုင်သော ပွင့်လင်းမြင်သာသည့် ဘင်းမ်စတက် တည်ဆောက်ရေးအတွက် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ထပ်လောင်းအတည်ပြုပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် (၂၀)ကြိမ် မြောက် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမတိုင်မီ ကျင်းပပြုလုပ်ခဲ့သည့် ပင်လယ်ရေကြောင်းပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ် ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်လက်မှတ်ရေးထိုးခဲ့သည်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းမှာ ၇၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး မြန်မာနိုင်ငံဘက်မှ တိုက်ပွဲများကြောင့် ဆိုင်းငံ့နေရသည်။ BIMSTEC Master Plan for Transport Connectivity သည် BIMSTEC အဖွဲ့ဝင် နိုင်ငံ ၇ နိုင်ငံကို ချိတ်ဆက်သွားလာမှုများတိုးမြှင့်ရန် ရည်ရွယ်ထားပြီး စီမံကိန်းပေါင်း ၂၆၇ ခုပါဝင်ကာ ဒေါ်လာ ၁၂၅ ဘီလျံခန့် အသုံးပြုရမည်ဖြစ်သည်။