

MT News
၃. ၄. ၂၀၂၅
မတ်လ ၂၈ ရက်က လှုပ်ခတ်သွားသည့် ဖျက်အားပြင်းငလျင်ကြောင့် အထိနာခဲ့ရသည့် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံကထိန်းသိမ်းထားသည့် မြန်မာအစိုးရပိုင် ဒေါ်လာ တစ်ဘီလျံကို အစိုးရထံပြန်ပေးရန် FUA က အမေရိကန်နိုင်ငံကို တောင်းဆိုချက် ထုတ်ပြန်လိုက်သည်။
၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်၊ ဒေသစံတော်ချိန်မွန်းလွဲ ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့် အချိန်တွင် အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိအင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့တွင် လမ်းတံတား၊ အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရပြီး လူသေဆုံးမှုလည်း များပြားခဲ့သည်။ စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ စစ်ဘေး တိမ်းရှောင်လာသူများလည်း မြေငလျင်ဘေးကြောင့် သေဆုံးကြသည်ကို တွေ့ရှိရသလို တိုင်းရင်းသား ပြည်သူလူထု အသက် အိုးအိမ်ပျက်စီးဆုံးရှုံးကြရသူများအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းရကြောင်းနှင့် ကပ်ဘေးဆိုးကြီးမှ အမြန်ဆုံး လွတ်မြောက်ပါစေကြောင်းလည်း FUA က ဆုမွန်ကောင်းတောင်းသည်။
ထို့အတူ အင်အားအလွန်ပြင်းထန်သော မြေငလျင်လှုပ်ရှားခြင်းကြောင့် အဆောက်အအုံပြိုကျပြီး ပိတ်မိနေသော လူသားတို့၏ အသက်ကိုကယ်တင်ရန်၊ ဒဏ်ရာရလူနာများကို ဆေးဝါးကုသရန်၊ အသက်ရှင်ကျန်ရစ်သူများကို နှစ်သိမ့် အားပေးရန် လူသားချင်းစာနာသော အကူအညီများပေးအပ်ရန် အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ အပါအဝင် နိုင်ငံ အသီးသီးမှ ဝိုင်းဝန်းကူညီ လုပ်ဆောင်နေကြသည်။ မြန်မာနိုင်ငံသားတို့၏ အသက်ကိုတန်ဖိုးထားကာ အခက်အခဲကြားမှ နေ့၊ ည (၂၄)နာရီအချိန်ပြည့် ဆောင်ရွက်နေကြသော မြန်မာ နိုင်ငံနှင့် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေး အဖွဲ့များ၏ လုပ်ဆောင်နေမှုများအား ဂုဏ်ယူဝမ်းမြောက်မိသည်ဟုလည်း ပြောသည်။
ထိုသို့ လူသားချင်း ကိုယ်ချင်းစာနာ၍ လူအား၊ ငွေအား၊ ပစ္စည်းအား ကူညီပေးပို့ကြပြီး မေတ္တာ၊ ကရုနာ အပြည့်နှင့် နှစ်သိမ့်အားပေးစကား ပြောကြားပေးကြသော နိုင်ငံများအားလည်း ကျေးဇူး အထူးတင်ရှိကြောင်း၊ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြန်မာနိုင်ငံအနေနှင့် အရှိန်ယူ၍ အားသွန်ခွန်စိုက်ဆောင်ရွက်ရမည်ဖြစ်၍ ၂၀၂၁ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် မြန်မာ့နိုင်ငံရေး ပြဿနာကြောင့် အမေရိကန်အစိုးရမှ ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံအစိုးရပိုင် အမေရိကန်ဒေါ်လာ (၁) ဘီလျံကို မြန်မာပြည်သူလူထု၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် သုံးစွဲနိုင်ရန်အတွက် ပြန်လည်ထုတ်ပေးပါရန် ဖက်ဒရယ် ပြည်ထောင်စု မဟာမိတ်အဖွဲ့ဝင် ပါတီများ၏ တောင်းဆိုချက်တွင် ဖော်ပြထားသည်။
ဖက်ဒရယ်ပြည်ထောင်စုမဟာမိတ်အဖွဲ့(FUA)ကို အနာဂတ်မြန်မာနိုင်ငံအတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ -တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ နာဂအမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် ကချင်ပြည်နယ် ပြည်သူ့ပါတီ စသည့်
နိုင်ငံရေး ပါတီ (၅)ပါတီဖြင့် စတင် ဖွဲ့စည်းခဲ့သည်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ဖျက်အားပြင်းငလျင်ကြောင့် ဧပြီ ၃ ရက် မနက် ၈ နာရီအထိ စာရင်းများအရ သေဆုံးသူ ၃,၀၈၅ ဦး၊ ဒဏ်ရာရရှိသူ ၄,၇၁၅ ဦးရှိခဲ့သလို လူနေအိမ် ၂၁,၇၈၃ လုံး၊ ဘုရားစေတီ ၁,၆၉၀ ဆူနှင့် စာသင်ကျောင်း ၁,၀၄၁ ကျောင်းအပြင် ဗလီရာချီ ပျက်စီးခဲ့ကာ အဆိုပါဆုံးရှုံးမှုများမှာ ဒေါ်လာ ဆယ်ဘီလျံအထက် ရှိနိုင်သော်လည်း အစိုးရမတည်ငွေ ကျပ်ဘီလျံ ၅၀၀ နှင့် လုပ်ငန်းရှင်များအပါအဝင် နိုင်ငံတကာက လှူဒါန်းမှုမှာ ကျပ်ဘီလျံ ၂၀၀ ခန့်သာ ရှိသေးသလို အဆိုပါ ကျပ်ဘီလျံ ၇၀၀ မှာ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော်သာရှိ၍ များစွာအကူအညီလိုအပ်နေသည်။