ငလျင်ဘေးဒဏ် ပြန်လည်ထူထောင်ရေး အတွေ့အကြုံများအား ပြန်လည်မျှဝေပေးစေလိုကြောင်း နီပေါဝန်ကြီးချုပ်အား SAC ဥက္ကဋ္ဌ ပြောကြား

၃. ၄. ၂၀၂၅
Written by Nyein Kyaw
ထိုင်းနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက် အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နီပေါနိုင်ငံဝန်ကြီးချုပ် Rt. Hon. Mr. K P Sharma Oli နှင့် ယနေ့ ဒေသစံတော်ချိန် ညနေပိုင်းတွင် ဘန်ကောက်မြို့ရှိ Shangri – La ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းကဲ့သို့ တွေ့ဆုံစဉ် နီပေါနိုင်ငံဝန်ကြီးချုပ်က မကြာခင်က မြန်မာနိုင်ငံတွင် ပြင်းထန်စွာငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မိမိနှင့်အတူ နီပေါပြည်သူများက မြန်မာပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်းရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ဆေးကုသရေးအဖွဲ့များအပါအဝင် ကူညီကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့နိုင်ငံ၌ ၂၀၁၅ ခုနှစ်အတွင်း ငလျင်လှုပ်ခတ်ခဲ့စဉ်ကလည်း သေဆုံးသူ ၉,၀၀၀ ကျော်ခန့်ရှိပြီး ထိခိုက်သူ ၂၃,၀၀၀ ကျော်ရှိခဲ့သလို ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် အဆောက်အဦများ ပြန်လည်ထူထောင်ရေးအတွက်လည်း ဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့ နီပေါနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသည့် နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နီပေါဝန်ကြီးချုပ်က ပြောကြားသည်။
ထို့နောက် SAC ဥက္ကဋ္ဌက ယခုကဲ့သို့ မိမိတို့နိုင်ငံတွင် ပြင်းထန်ငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများအပေါ်နီပေါနိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးမှုများအပေါ် များစွာကျေးဇူးတင်ရှိကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ရှေးယခင်ကတည်းက ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများဖြစ်ပြီး မိမိတို့နိုင်ငံတပ်မတော်၌ နီပေါနွယ်ဖွား ဂေါ်ရခါးလူမျိုးများ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် နီပေါလူမျိုးအများအပြားနေထိုင်လျက်ရှိပြီး ရှေးယခင် ကတည်းက မြန်မာလူမျိုးများနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းနေထိုင်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံအလှမ်းကွာဝေးသော်လည်း ချစ်ကြည်ရင်းနှီးမှုရှိပြီး နိုင်ငံများဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်သွားလိုကြောင်း၊ ၂၀၁၅ ခုနှစ်၌ နီပေါငလျင်လှုပ်ခတ်ခဲ့စဉ်ကလည်း မိမိတို့ မြန်မာ့တပ်မတော်မှ ကယ်ဆယ်ရေးပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီ ပေးပို့ကူညီပေးခဲ့သကဲ့သို့ ယခုမိမိတို့နိုင်ငံ၌ ငလျင်ဘေးဒဏ် ကျရောက်ချိန်၌လည်း အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လည်း အဆွေတော်တို့ နိုင်ငံအနေဖြင့် အတွေ့အကြုံရှိပြီးဖြစ်သဖြင့် မိမိတို့ကိုလည်း အဆိုပါအတွေ့အကြုံများကို မျှဝေပေးသွားစေလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့နောက် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင် ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံ၌ ယခုနှစ် ဒီဇင်ဘာလအတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့သည် နိုင်ငံတကာမျက်နှာစာတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်အစည်းအဝေးမှတစ်ဆင့် အဖွဲ့ဝင် နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။