
၃. ၄ . ၂၀၂၅
Written by Thettant
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်က ကြယ်လေးပွင့်အဆင့်ရှိ Myanmar Treasure Hotel & Resort Inle ဟိုတယ်ဟာ ဒီ ဧပြီ ၃ ရက် နေ့လယ်ပိုင်းက တောမီးကနေ ကူးစက် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ ကနဦး သိရပါတယ်။
ဧပြီလ ၃ ရက် နေ့လယ် ၄ နာရီခန့်အချိန်မှာ အင်းလေးကန် မိုင်းသောက်ကျေးရွာမှာ တည်ဆောက်ထားတဲ့ ခရိုနီလုပ်ငန်းရှင် ဦးတေဇပိုင် Myanmar Treasure Hotel & Resort Inle ဟိုတယ်ဟာ တောင်ယာ မီးရှို့ရာက ကူးစက် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဟိုတယ်က ဘန်ဂလို ၆၀ ခန့်အကုန် မီးလောင် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းကလည်း Myanmar Treasure Hotel & Resort Inle ဟိုတယ်လို သစ်သားတွေနဲ့ချည်းတည်ဆောက်ထားတဲ့ NLD ပါတီက ဟိုတယ်ခရီးဝန်ကြီးဟောင်း ဦးအုန်းမောင်ပိုင်ဆိုင်တဲ့ Inle Princess ဟိုတယ်ဟာ မီးပုံပျံကနေ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ဟိုတယ်တစ်ခုလုံးပျက်စီးခဲ့ပါသေးတယ်။
ဒီဖြစ်စဥ်အပေါ် မီးသတ်ဦးစီးဌာနကလည်း ဒီညနေ ၄ နာရီ မိနစ် ၂၀ အချိန်ခန့်မှာ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ မိုင်းသောက်ကျေးရွာအုပ်စု၊ မိုင်းသောက်ကျေးရွာမှာ မီးလောင်မှုဖြစ်ပွားတာကို ညောင်ရွှေမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ နမ့်ပန်နယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အေးသာယာနယ်မြေမီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဟဲဟိုးနယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရွှေညောင်နယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာမှာ ၆ နာရီ ၄၅ မိနစ်အချိန် မီးငြိမ်းသွားတယ်ပြောပါတယ်။ (Photo /CJ)