၂၂. ၁. ၂၀၂၃
Written By Myo Khine
ရွှေရောင်းဝယ်မှု ပြုလုပ်သူတိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လိုင်စင် ပြုလုပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းက သိရသည်။
“သတ္တုလိုင်စင်ကို လုပ်ရမယ်။ စည်ပင်သာယာမှာက ရွှေဆိုင်လိုင်စင်အတွက် သီးသန့်လုပ်ရတယ်။ ဒါက နဂိုကပဲ လုပ်ရတာ။ ရောင်းချခွင့် လိုင်စင်ပေးတယ်။ အခုကသတ္တုလိုင်စင်ကို လုပ်ရမှာ။ အဲဒါကို ထွေအုပ်က ပေးမယ်။ ကျောက်မျက်ရတနာ၊ ကျောက်စိမ်း အပါအဝင် အားလုံးပေါ့။ အခုက ထွေအုပ်မှာ လုပ်ရမှာက ပထမဆုံး။ရွှေနဲ့ပတ်သက်ပြီးတော့ ကုန်စည်စီးဆင်းမှု မြန်ဆန်မှန်ကန်ရေးကြီးကြပ်မှု ကော်မတီကို နေပြည်တော် ရုံးအမှတ် (၁၈) က ကြီးကြပ်တယ်။ အဲဒီအောက်မှာ ရွှေနဲ့ငွေကြေး စောင့်ကြပ်ထိန်းသိမ်းရေးကော်မတီဆိုပြီးတော့ရှိတာကို ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ဦးဆောင်တယ်။ အဲဒီအဖွဲ့အောက်မှာ ရွှေဈေးကွက် ကြီးကြပ်ရေးကော်မတီဆိုပြီးတော့ အဖွဲ့တစ်ဖွဲ့ ရှိတယ်။ အဲဒီအဖွဲ့ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့က ဦးဆောင်တယ်။ အဲဒီအောက်မှာမှ အခုတစ်ခါ ရွှေနဲ့ကျောက်မျက်တွေကို ထိန်းသိမ်းကြပ်မတ်ဖို့ ထွေအုပ်ကို အပ်လိုက်တယ်။ ဒါက ပထမဆုံးပဲ။ ထွေအုပ်က လူများတော့ လုပ်နိုင်တာပေါ့။ သတ္တု၊ ရွှေလိုင်စင် လို့ခေါ်တယ်။ အဲဒီမှာ ကျောက်စိမ်းကျောက်မျက် စတာတွေပါတယ်။ အဲဒီမှာ ငွေကြေးခဝါချမှု လုပ်ငန်းစဉ်ထိန်းသိမ်းရေးနဲ့ပတ်သက်တဲ့ သင်တန်းတွေ တက်ရောက်ပြီးမှ ခွင့်ပြုမယ်။ လိုင်စင်လုပ်ရင် ငွေကြေးကုန်ကျမှုတော့မရှိဘူး။ အခွန်ဆောင်ခိုင်းတာတွေတော့ ရှိမယ်နဲ့တူတယ်။ အခု ဇန်နဝါရီလက စပြီးတော့ လုပ်လို့ ရပါပြီ။အခက်အခဲကတော့ သိပ်မရှိနိုင်ဘူး။ ရွှေလုပ်ငန်းလုပ်တဲ့ သူတွေထဲမှာဆိုင်ဖွင့်ပြီး ရောင်းချသူတွေရော။ တစ်ယောက်ချင်းရောင်းချသူတွေရော လိုင်စင်လုပ်ရမယ်ပေါ့။ အကျိုးဆောင်တွေနဲ့ မဆိုင်ဘူး။ အခုက ရောင်းချတဲ့ လိုင်စင်လုပ်ရတာကို ပြောတာ။ အခုက စည်းရုံးရေးကာလ ဖြစ်တာကြောင့်လိုင်စင်ကြေးတွေ ဘာတွေကတော့ အခက်အခဲရှိမယ် မထင်ဘူး” ဟု အဆိုပါ အသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်က MT News သို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် ရွှေဆိုင်များတွင် လုံခြုံရေး မဖြစ်မနေထားရှိရန်လည်း ခေါ်ယူပြောဆိုပြီး ဖြစ်ကြောင်း၊ တစ်စုံတရာ အကြောင်းပေါ်ပေါက်ခဲ့ပါကလည်း သက်ဆိုင်ရာကို ချက်ချင်း ဆက်သွယ်အကြောင်းကြားနိုင်ရန် ဆက်သွယ်နိုင်မည့် တယ်လီဖုန်းနံပါတ်များ ပေးထားကြောင်းလည်း သိရသည်။
“အခုက လုံခြုံရေးထားရမယ်။ တချို့ဆိုင်တွေမှာလုံခြုံရေးမရှိဘူး။ CCTV တပ်ပေးဖို့၊ လုံခြုံရေးထားတဲ့ အခါလည်း လုံခြုံရေးတွေက အထဲမှာနေတယ်။ အပြင်မှာ မနေဘူး။ အထဲမှာပဲ သူတို့က ဖုန်းပွတ်နေတာပေါ့ကွာ။အဲဒီတော့ CCTV တပ်ရမယ်။ လုံခြုံရေးထားရမယ်။လုံခြုံရေးတွေက အပြင်မှာ နေရမယ်။ ရဲ ဖုန်းတွေ၊ ထွေအုပ် ဖုန်းတွေ၊ သက်ဆိုင်ရာ ဖုန်းတွေအကုန်လုံး ပေးထားတယ်။ တစ်ခုခုဆိုရင် ချက်ချင်း အကြောင်းကြားပါလို့ ပြောထားတယ်”ဟု ယင်းက ဆက်လက်ပြောသည်။