NUG ကို ထောက်ခံသည့် အဖွဲ့အစည်းရာချီက BIMSTEC ကို SAC ဥက္ကဋ္ဌ မတက်ရောက်ဖို့ တောင်းဆိုပေမဲ့ လျစ်လျှူရှုခံလိုက်ရ

၃. ၄. ၂၀၂၅
Translated by Tha Doe
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ယနေ့မွန်းလွဲပိုင်းတွင် ထွက်ခွာသွားသော SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိုင်း အလုပ်သမားဝန်ကြီး ဖီဖက် ရတ်ချာကစ်ပရာကာန်က နိုင်ငံတော်အဆင့်ခေါင်းဆောင်များကို ကြိုဆိုသည့်နည်းတူ ကော်ဇောနီလျှောက်လမ်းခင်း၍ ကြိုဆိုခဲ့သည်။
NUG ကို ထောက်ခံသည့် အဖွဲ့အစည်း ၃၀၀ ကျော်က ယနေ့ပြုလုပ်မည့် ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးကို SAC ဥက္ကဋ္ဌ တက်ရောက်ခွင့်မပြုရန် တောင်းဆိုသော်လည်း ထိုင်းအစိုးရ၏ အဖက်လုပ်မှုကိုမခံရဘဲ လျစ်လျှူရှုခံလိုက်ရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြနေသည်။
ပြီးခဲ့သည့် မတ်လဆန်းကမှ ရုရှားနှင့် ဘီလာရုစ်နိုင်ငံများသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ် သွားရောက်ခဲ့သည့် နိုင်ငံတော်၏ခေါင်းဆောင်သည် ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံတို့ ပါဝင်သော ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (BIMSTEC) ၏ ဆဋ္ဌမအကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် မြန်မာ့ငလျင်ဘေးအပါအဝင် အခြားနိုင်ငံ့ရေးရာများ ပါဝင်ဆွေးနွေးဖွယ်ရှိသည်။




အဆိုပါ ထိပ်သီးအစည်းအဝေးသည် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုဖြစ်စဥ်အပြီး SAC ဥက္ကဋ္ဌ၏ ပထမဆုံးသော ဘန်ကောက်ခရီးစဉ်လည်းဖြစ်လာခဲ့သလို ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာ ဦးဆောင်မည့် ပထမဆုံးထိပ်သီးအစည်းအဝေးလည်းဖြစ်ပြီး BIMSTEC အဖွဲ့ဝင်နိုင်ငံအားလုံးသည် ၎င်းတို့၏နိုင်ငံ့ခေါင်းဆောင်များ အဆိုပါအစည်းအဝေးသို့ တက်ရောက်မည်ကိုလည်း အတည်ပြုထားသည်။
BIMSTEC ထိပ်သီးအစည်းအဝေးကို မူလက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ကျင်းပရန်စီစဉ်ထားခဲ့ရာမှ ယခုနှစ် ဧပြီလသို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီသည်လည်း ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သော ဒေသဆိုင်ရာအဖွဲ့ဝင်နိုင်ငံတို့မှ ခေါင်းဆောင်များနှင့်အတူ ခြောက်ကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် ယနေ့တွင် ဘန်ကောက်မြို့သို့ ရောက်လာခဲ့ရာ ထိုင်းဝန်ကြီးချုပ်က ကြိုဆိုခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီသည်လည်း SAC ဥက္ကဋ္ဌအား ငလျင်အရေးအတွက် ဖုန်းဆက်သွယ်ပြောဆိုချိန် မကြာမီရက်ပိုင်းတွင် BIMSTEC ၌ တွေ့ဆုံကြမည်ဟုလည်း ပဏာခံ ဖိတ်ကြားခဲ့သေးသည်။
၁၉၉၇ ခုနှစ်က ဘန်ကောက်မြို့တွင် တည်ထောင်ခဲ့သော BIMSTEC သည် ဘင်္ဂလားပင်လယ်အော်နှင့်နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ရည်ရွယ်သည်။ ၎င်းသည် တောင်အာရှနှင့် အရှေ့တောင်အာရှကြား စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆက်သွယ်မှုများကို မြှင့်တင်ပေးသည့် တံတားတစ်ခုအဖြစ် ဆောင်ရွက်ပေးသည်။ ထိပ်သီးအစည်းအဝေးအတွင်း အဖွဲ့ဝင်နိုင်ငံများသည် သံတမန်ရေးရာနှင့် စီးပွားရေးဆက်ဆံရေးများကို ခိုင်မာစေရန် နှစ်နိုင်ငံသဘောတူညီချက်များ ချုပ်ဆိုမည်ဖြစ်သည်။ ဘန်ကောက်တွင် ကျင်းပမည့် BIMSTEC ထိပ်သီးအစည်းအဝေးသည် ပင်လယ်ရေးရာပူးပေါင်းဆောင်ရွက်မှု၊ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်းဆက်သွယ်ရေးတို့ကို အဓိကထားဆွေးနွေးမည်ဟုလည်း သိရသည်။
Ref & Photo – Thai PBS, Tha Enquirer & The Reporters