
၃.၄ .၂၀၂၅
Written by Hey Mar
မန္တလေးတိုင်းဒေသကြီး အမရပူရဘက်က ကျေးရွာအုပ်စုတွေအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူတွေ ခေတ္တနေထိုင်ရတဲ့ Camp တွေမှာ ကျန်းမာရေးအညစ်အကြေးစွန့်ဖို့ အိမ်သာတွေအရေးပေါ်လိုအပ်နေသလို အမရပူရမြို့ပြစီမံကိန်းအဖွဲ့ကလည်း ဒါတွေကိုအရေးပေါ် စီစဉ်နေတယ်လို့ ဒေသခံ စံပြလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူကို ချိတ်ဆက်မေးမြန်းကြည့်လို့ သိရပါတယ်။
အမပူရမြို့ဟာ အဆောက်အဦပျက်စီးမှုက မြို့ရဲ့ ငါးဆယ်ရာနှုန်းခန့်လို့ သတ်မှတ်လို့ရနိုင်ကြောင်းနဲ့ လက်ရှိအချိန်မှာတော့ သေဆုံးသူဦးရေ သုံးရာကျော်၊ ဒဏ်ရာရရှိသူ ငါးရာနီးပါးရှိနေပြီး ရှာဖွေကယ်ဆယ်ရေးရပ်ကာ ပြန်လည်ထူထောင်ရေးကို အားယူစတင်နေပြီလို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဖြစ်တဲ့ စံပြလူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူ ကိုသန်းနောင်စိုင်းက ဆိုပါတယ်။
သူက “လက်ရှိ ရှာ/ကယ်က လူနာရော၊ ဘော်ဒီရော မရှိသလောက်ဖြစ်နေပြီ။ ကျွန်တော်တို့ အဖွဲ့တွေလည်း ရပ်ကွက်တွေနဲ့ Camp တွေဆီ ရေရှိရေးနဲ့ ပေးဝေရေး လိုက်လံဆောင်ရွက်ဖို့ တာဝန်ယူပေးနေပါတယ်။ Campbဆိုပေမယ့် ကိုယ့်အစီအစဉ်နဲ့ကိုယ် မြေကြီးပေါ် ခင်းကျင်းနေရတာပါ။ ဘာယာယီတဲမှ မထိုးနိုင်သေးလို့ အဲဒါတွေလည်း လိုအပ်နေပါတယ်”လို့ MT News ကိုပြောပါတယ်။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၇ အဆင့်ရှိ ငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေမှာ လူသေပျောက်မှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ များပြားခဲ့ပြီး မန္တလေးမြို့ရဲ့ အမရပူရ မြို့နယ်အပိုင် ငယ်တိုးကျေးရွာအုပ်စုအောက်က ကျေးရွာ ၁၉ ရွာကလည်း အထိအနာဆုံးရွာတွေ စာရင်းမှာ ပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါ ကျေးရွာ ၁၉ ရွာအတွက် ယာယီနေထိုင်နိုင်ဖို့ Camp အကြီး ၇ ခုသာ ဖွင့်လှစ်ပေးထားနိုင်ပြီး လူဦးရေ ရှစ်ထောင်ကျော်က မှီတင်းနေထိုင်ရကာ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ကတော့ ငယ်တိုးကျေးရွာအုပ်စု သာလီစွကျေးရွာက လူတစ်ထောင်ကျော်နေထိုင်တဲ့ Camp တစ်ခုတည်းမှာသာ ကျေးလက်ကျန်းမာရေးဝန်ထမ်းတစ်ဦးရှိတယ်လို့ သိရပါတယ်။
ကိုသန်းနောင်စိုင်းက “မြို့နယ်ဆရာဝန်ကြီးတွေလည်း စီစဉ်ညွှန်ကြားနေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအတွက်ပေါ့လေ၊ Camp တွေက ကျွန်တော်တို့ ဘုံးအိုးမှာဆို Camp နှစ်ခုခွဲထားရပါတယ်။ လူများလို့ပါ။ ဘုံးအိုးလယ်ကွင်းထဲမှာ စုပြီးနေကြတာ။ လူဦးရေအနေနဲ့က စင်ကာကျေးရွာ ဘောလုံးကွင်းမှာက ၁၆၀၀ ကျော်လ၊ သာလီစွ မွတ်စလင်ရွာက ၁၀၀၀ ကျော်၊ ရတနာဂူနတ်နန်းနားက ရွာသုံးရွာပေါင်း Camp တစ်ခု (ပရပတ်၊ ရွှေလွန်း၊ ကြောင်လည်ရှာ) အဲဒီမှာလည်း တစ်ထောင်ကျော်တယ်။ စားကြင်ဝဆိုတဲ့မွတ်စလင်မ်ရွာမှာလည်း လယ်ကွင်းထဲပဲ Campက လူတစ်ထောင်ကျော်ပဲ အဲဒီမှာလည်း။ နောက် စစ်ကိုင်း မန္တလေးလမ်းမ သံလမ်းအဆင်း ဘုရားဝင်းထဲက Camp မှာ လူနှစ်ထောင်ကျော်တယ်။ ရွှေဂဲနဲ့ ရင်ပြန်ပုံကျေးရွာက လူတွေ။ ဘုံးအိုးက အများဆုံးပဲ နှစ်ခုပါခွဲရပါတာ”လို့ ပြောပါတယ်။
အဆိုပါကျေးရွာတွေဆီ လာရောက်ကြတဲ့ အလှူရှင်တွေအနေနဲ့ စားနပ်ရိက္ခာ အခြောက်အခြမ်းတွေ လှူဒါန်းကြမယ့် အစား ပြန်လည်ထူထောင်ရေးမှာ ပါဝင်ပေးဖို့ နှိုးဆော်ချင်ပြီး အိမ်ပြိုပျက်သွားတဲ့ မိသားစုဝင် အတော်များများက အိမ်ဖြစ်အောင်ပြန်လည် တည်ဆောက်နိုင်ဖို့ အခက်အခဲရှိနေပြီလို့ ဆိုပါတယ်။
မြိတ်ဘက်ကနေ အဆိုပါ ငလျင်ဒဏ်သင့် အမရပူရကျေးရတွေဆီ ကူညီကယ်ဆယ်ရေးအနေနဲ့ ရောက်ရှိနေတဲ့ ရွှေရောင်နေ့သစ် လူမှုကူညီရေးအသင်းတာဝန်ရှိသူကိုအောင်သော်စံက “ကျွန်တော်တို့ အမရပူရ ဘုံးအိုးကျေးရွာက Camp မှာ အိမ်သာဆောက်ဖို့ လုပ်နေပါတယ် ။ (ကျား)ခြောက်ခန်း (မ)ခြောက်ခန်း အခန်းတွဲ အိမ်သာဆောက်မှာပါ။ သူတို့အပြင်မှာ သွားရတော့ လူနေတဲ့ နေရာနဲ့ အညစ်အကြေးနဲ့ ရောဂါတွေ ရလာမှာ စိုးလို့ အားချင်းအကောင်အထည်ဖော်တာပါ။နောက်ပြီး စားနပ်ရိက္ခာ လာရောက်လှူပေးကြတဲ့ အလှူရှင်တွေကို ကျေးဇူးတင်ပေမယ့် အခု က အိမ်ထောင်ပစ္စည်းနဲ့ မိသားစု ပြန်လည်ထူထောင်ရေးအတွက် တစ်အိမ်ထောင် ဘယ်လောက်ဆိုပြီး သတ်မှတ်ပြီး Camp တွေမှာ လာလှူပေးရင် ပိုကောင်းမှာပါ”လို့ အခြေအနေကိုရှင်းပြပါတယ်။
အမရပူရမြို့နယ်က ငလျင်ဒဏ်ကြောင့် သာသနိက အဆောက်အဦတွေ အပါအဝင် အမပူရ နတ်နန်းလို့ လူသိများတဲ့ ရတနာဂူ နတ်နန်းတွေနဲ့ ရတနာဂူ ဘုရားလည်း ပြိုကျ ပျက်စီးသွားခဲ့ပြီး ကူညီကယ်ဆယ်ရေးအနေနဲ့လည်း ဖြစ်စကနေ သုံးရက်အတွင်း မြို့နယ် ရပ်ကျေးက ရှိတဲ့ တာဝန်ရှိသူတွေနဲ့ သုံးရက်တာလောက် တောင့်ခံရုန်းကန်ခဲ့ရကြောင်းလည်း မြေပြင်အခြေအနေမှာကြုံတွေ့ရင်ဆိုင်ခဲ့ရတာကို ဒေသခံ လူမှုကူညီရေးအသင်းအဖွဲ့ကပြောပြပါတယ်။










