
၃.၄.၂၀၂၅
Written By Thandar
အလှူအတန်းတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်နေလျက်ရှိတဲ့ အကယ်ဒမီ ခန့်စည်သူတော့ ငလျင်ဒဏ်ကိုပြင်းထန်စွာခံစားခဲ့တဲ့ရတဲ့ စစ်ကိုင်းတောင်ရိုး မင်းကွန်းတိပိဋက ဓမ္မနာဒကျောင်းတိုက်မှာ သီတင်းသုံးတော်မူနေကြတဲ့ ရဟန်းသံဃာတော် အရှင်သူမြတ်တွေကို ဆွမ်းကိုယ်တိုင်ချက်ပြုတ်ဆက်ကပ်နေလျက်ရှိပါတယ်။





“ကျွန်တော့်အနေနဲ့ လက်ရှိ ငလျင်ကြောင့် ဖြစ်ပျက်ခဲ့တဲ့ အချိန်တိုအတွက်မှာ ကြီးကြီးမားမား ဆုံးရှုံးပျက်စီးသွားတဲ့ စစ်ကိုင်းတောင်ကို ရောက်နေတာ ဧပြီ ၁ ရက်လောက်ကတည်းကပါ။ ဆရာတော်အရှင်သူမြတ်တွေ၊ ဆရာလေးတွေ အဓိကဆွမ်းအတွက်မို့ ကိုယ်တိုင်ချက်ပြုတ်ပြီးတော့ လှူဒါန်းဆက်ကပ်နေတာပါ။ နောက် ငလျင်ကြောင့် နေအိမ်တွေ၊ မိသားစုတွေ ဆုံးရှုံးကြတဲ့သူတွေအတွက်လည်း ထမင်းနဲ့ ဟင်းတွေ လှူဒါန်းနေပါတယ်။ ဒီ လှူဒါန်းမှုအစုစုတို့ရဲ့ ကုသိုလ်အဖိုးဘာဂကို ခင်ပွန်းကြီး ၁၀ ပါးနဲ့ ၇ ရက်သားသမီးအပေါင်း သူတော်ကောင်းတို့လည်း ရရှိကြပါစေ။ လွန်ခဲ့သောရက်အနည်းငယ်က ငလျင်ဒဏ်ကြောင့်ကွယ်လွန်ခဲ့ကြတဲ့ လူ ပုဂ္ဂိုလ် သတ္တဝါ အပေါင်းတို့ကိုလည်းအမျှပေးဝေပါတယ်”လို့ အကယ်ဒမီ ခန့်စည်သူက ပြောပါတယ်။
သူဟာ ဧပြီလ ၁ ရက်နေ့ကတည်းက စစ်ကိုင်းဘက်ကိုရောက်ရှိနေပြီးတော့ စစ်ကိုင်းတောင်ရိုး မင်းကွန်း တိပိဋက ဓမ္မနာဒကျောင်းတိုက်မှာ သီတင်းသုံးတော်မူနေကြသော ရဟန်း သံဃာတော်အရှင်သူမြတ်တွေကို နေ့ဆွမ်းကပ်ခြင်း၊ မင်းကွန်း မိုးမိတ်ကျောင်းဝန်းအတွင်း ခိုလှုံနေကြတဲ့ ငလျင်ဒဏ်သင့်ပြည်သူ ၅၀၀ ကျော်တို့အတွက် ထမင်းနဲ့ဟင်း လှူဒါန်းခြင်းကို ပြုလုပ်ခဲ့ပါတယ်။







ပြင်းထန်ငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ လေးကျွန်းမြေအုဋ္ဌ်ကျောင်း ပရိယတ္တိ စာသင်တိုက်အတွင်းရှိ ဘုရား၊ ကျောင်း၊ ကန်၊ မုခ်ဦး၊ တံတိုင်း၊ ယဉ်ကျေးလိမ္မာသင်တန်းနဲ့ ရဟန်း၊ သံဃာတော် အဆောင်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ငလျင်ကြောင့် ပျက်စီးခဲ့တာတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် အလှူတော်ငွေ ကျပ်သိန်း(၁၀၀) ကို ပဓာနနာယက ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့တဲ့အပြင် စစ်ကိုင်းမြို့၊ အာလောင်ရွာရှိ မြေတွင်းကျွံကျ ပျက်စီးခဲ့ရတဲ့ သာသနာ့ရောင်ခြည် ဘုန်းတော်ကြီးသင် ပရဟိတ ဘ.ကကျောင်းအတွက် အလှူတော်ငွေ ကျပ်သိန်း (၄၀) ကိုလည်း ပဓာန နာယက ဆရာတော်ထံ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။