
၃. ၄. ၂၀၂၅
Written by Nyein Kyaw
ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဖြစ်ပေါ်ခဲ့သည့် အခက်အခဲများကြောင့် ပို့ကုန်လုပ်ငန်းရှင်များအား ယခုဧပြီလအတွက် ပို့ကုန်လိုင်စင်မလိုဘဲ ပြည်ပသို့ ပို့ကုန်တင်ပို့ခွင့် ပြုထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ သိရသည်။
အဆိုပါကာလအတွင်း ပို့ကုန်လိုင်စင်မလိုအပ်သော်လည်း ဆိပ်ကမ်းရှင်းလင်းရေးနှင့် အကောက်ခွန်လုပ်ငန်းများအား လုပ်ထုံးလုပ်နည်း ကြေညာလွှာများအတိုင်း အွန်လိုင်းက တင်ပြဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

“ပို့ကုန်လိုင်စင်တော့မလိုဘူးပေါ့နော်။ Custom နဲ့ပတ်သက်တဲ့ အကောက်ခွန် လုပ်ထုံးလုပ်နည်းပဲ လုပ်ရတာပေါ့။ အကောက်ခွန်နဲ့ ပတ်သက်တာတော့ ဆိပ်ကမ်းရှင်းလင်းတဲ့ကိစ္စတွေ အကောက်ခွန်လုပ်ထုံးလုပ်နည်းအတိုင်း ကြေညာလွှာပေါ့နော်။ တင်ပြပြီးတော့ ဆောင်ရွက်ရတာ ဒါလည်း အွန်လိုင်းပါ။ ရန်ကုန်က ဆောင်ရွက်တဲ့ အဖွဲ့တွေ အဆင်ပြေပါတယ်။ ပို့ကုန်လိုင်စင်ကတော့ ဒီလိုလုပ်တာပေါ့။ သွင်းကုန်လိုင်စင်ကတော့ ဘယ်လိုဆောင်ရွက်မလဲ မသိသေးဘူးပေါ့။ ဒီတစ်လလို့ ပြောပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ပိုကုန်လိုင်စင်ကို ကုန်သွယ်ရေးဦးစီးဌာန၏ Myanmar Tradenet 2.0 အွန်လိုင်းစနစ်ဖြင့် အွန်လိုင်းမှတစ်ဆင့် ခွင့်ပြုပေးနေခြင်းဖြစ်ပြီး ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်လည်း အဆိုပါစနစ်မှသာ တင်ပို့မည့်ကုန်စည်အမျိုးအစားအား ဖြည့်သွင်းဆောင်ရွက်ရခြင်းဖြစ်သည်။
မတ်လ ၂၈ ရက်တွင် ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့မှုနှင့် နောက်ဆက်တွဲ ငလျင်လှုပ်ခတ်ခဲ့မှုများကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ ၃,၀၈၅ ဦး၊ ဒဏ်ရာရရှိသူ ၄,၇၁၅ ဦးရှိလာပြီး လူနေအိမ် ၂၁,၇၈၃ လုံး၊ ရုံးဌာနအဆောက်အဦ ၈၀၅ လုံး၊ ဝန်ထမ်းအိမ်ရာ ၁၁၅ လုံး၊ စပါးနှင့် အခြားသီးနှံ ၄၅ ဧကတို့ ပျက်စီးဆုံးရှုးခဲ့ကြောင်း သိရသည်။