
၃. ၄. ၂၀၂၅
Translated by Thettant
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အကြီးစားငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် ကူညီထောက်ပံ့နိုင်ရန် သီရိလင်္ကာနိုင်ငံက အမေရိကန်ဒေါ်လာ ၁ သန်း တန်ဖိုးရှိ ကူညီကယ်ဆယ်ရေးပစ္စည်းများ ကူညီပေးမည်ဟု ကတိပြုလိုက်ကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ သီရိလင်္ကာအစိုးရအဖွဲ့က အဆိုပါဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာကို အဓိကထားသော နိုင်ငံနှစ်ခုကြားရှိ သမိုင်းဝင်မှုနှင့် စိတ်ဓာတ်ရေးရာဆက်နွှယ်မှုများကြောင့်လည်း အလေးထားကူညီပေးရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။



ငွေကြေးအကူအညီအပြင် သီရိလင်္ကာနိုင်ငံသည် ဗုဒ္ဓဘာသာရဟန်းတော်များ၏ လမ်းညွှန်မှုဖြင့် စုဆောင်းထားသော စားနပ်ရိက္ခာများနှင့် ရိက္ခာခြောက်များကိုလည်း ပေးပို့မည်ဖြစ်ပြီး ၎င်းတို့ကို အစိုးရ၏ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံသို့ သယ်ယူပို့ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Arun Hemachandra က မြန်မာနိုင်ငံ၏ ငလျင်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁ သန်း ထောက်ပံ့မည်ဟု ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ကျင်းပသည့် အစည်းအဝေးတွင် ထပ်မံပြောကြားခဲ့သည်။
ထို့အပြင် ဗုဒ္ဓဘာသာယဉ်ကျေးမှုဆိုင်ရာ သံတမန်ရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် ကုန်သွယ်ရေးချဲ့ထွင်မှုတို့အပေါ် အဓိကထား၍ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာစေရန် ဆွေးနွေးခဲ့ကြကာ ဘင်္ဂလားပင်လယ်အော်တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သည့် ဒေသဆိုင်ရာအဖွဲ့ဖြစ်သော BIMSTEC ၏ အရေးပါမှုကိုလည်း အလေးထား ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် Hemachandra က ဆိုင်ဘာရာဇဝတ်မှုဆိုင်ရာ လူကုန်ကူးမှုတွင် ပိတ်မိနေသည့် သီရိလင်္ကာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ပေးသည့်အတွက် မြန်မာနိုင်ငံအား ကျေးဇူးတင်ကြောင်း၊ ထိခိုက်ခံစားရသူများအား ဆက်လက်ပြန်လည်ပို့ဆောင်ရန် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုအတွက် ရေရှည်ဖြေရှင်းနည်းအဖြစ် ပိုမိုအားကောင်းသည့် သံတမန်ရေးဆိုင်ရာ အားထုတ်မှုများဖြင့် ဒေသဆိုင်ရာအဖြေရှာရန် နှစ်နိုင်ငံ သဘောတူညီခဲ့ကြကြောင်း ဆွေးနွေးသဘောတူခဲ့ကြသည်ဟုလည်း သိရသည်။
Ref , Xinhua & Daily Mirror