
မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် ကုန်သွယ်စည်းကြပ်ခွန် ၄၄ ရာခိုင်နှုန်း ထရန့်အစိုးရသတ်မှတ်
၃.၄.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ဒေါ်နယ်ထရန့်က တခြားနိုင်ငံတွေအပေါ် အခြေခံ ကုန်သွယ်စည်းကြပ်ခွန်ထားရှိမှုနဲ့အတူ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်တို့ကို ကုန်သွယ်စည်းကြပ်ခွန် အပြန်အလှန် ထားရှိမှုစာရင်းအပြည့်အစုံကို ဧပြီလ ၂ ရက်က ကြေညာခဲ့တာမှာ အမေရိကန်အစိုးရအနေနဲ့ ဆယ်စုနှစ်တွေအတွင်း အကျယ်ပြန့်ဆုံး အကောင်အထည်ဖော်နိုင်တဲ့ ကုန်သွယ်စည်းကြပ်ခွန် အစီအစဉ်လည်းဖြစ်တယ်လို့ သိရပါတယ်။
အိမ်ဖြူတော်ရှိ Rose Garden ကနေ ဧပြီလ ၂ ရက် မွန်းလွဲပိုင်းမှာ မိန့်ခွန်းပြောခဲ့ရာမှာ ထရန့်က သူကြေညာခဲ့တဲ့ ကုန်သွယ်စည်းကြပ်ခွန်တွေက လျှော့ပေါ့ထားတဲ့ အပြန်အလှန်နှုန်းထားတွေလို့ ပြောခဲ့ပြီး သူတို့ကဈေးကြီးလွန်းရင်လည်း အမေရိကန်ကို ကျသင့်ငွေ တောင်းခံရမယ့် နိုင်ငံတွေနဲ့ ကိုက်ညီဆီလျော်မှု မရှိဘူးလို့ ပြောခဲ့ပါတယ်။
ဒီစာရင်းမှာမြန်မာနိုင်ငံလည်းပါဝင်ပြီး မြန်မာနိုင်ငံမှသွင်းကုန်တွေအပေါ် ကုန်သွယ်စည်းကြပ်ခွန် ၄၄ ရာခိုင်နှုန်း သတ်မှတ်ထားတာဖြစ်ပါတယ်။
သမ္မတထရန့်က ကြေညာခဲ့တဲ့ ကုန်သွယ်စည်းကြပ်ခွန်အပြန်အလှန် ထားရှိမှုစာရင်းမှာ မပါဝင်တဲ့ ဘယ်နိုင်ငံမဆို အမေရိကန်ကိုတင်ပို့တဲ့ ဘယ်ထုတ်ကုန်အတွက်မဆို အခြေခံကုန်သွယ်စည်းကြပ်ခွန်ထားရှိမှုအရ အခြေခံအကောက်ခွန် ၁၀ ရာခိုင်နှုန်းကောက်ခံခြင်း ခံရမယ်လို့လည်း အမေရိကန်အစိုးရက ပြောခဲ့ပါတယ်။ အမေရိကန်နိုင်ငံကိုပြုလုပ်မယ့် ကုန်သွယ်စည်းကြပ်ခွန်တွေမှာ ငွေကြေးဈေးကစားမှုနဲ့ ကုန်သွယ်ရေးအတားအဆီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ဒ ါပေမယ့် ရာခိုင်နှုန်းတွေဘယ်လောက်ဆိုတာ အတည်မပြုသေးပါဘူး။
ထရန့်နဲသူ့ရဲ့ အစိုးရဟာ လွတ်မြောက်ရေးနေ့လို့ အမည်ပေးနောက်ပြောင်ရင်း အပြန်အလှန် ကုန်သွယ်စည်းကြပ်ခွန်တွေကို ရက်သတ္တပတ်အတော်ကြာ ပြုလုပ်နေခဲ့တာပါ။ ဒါပေမယ့် မကြာခင်ရက်တွေမှာတော့ ထရန့်က ကုန်သွယ်စည်းကြပ်ခွန်တွေက အပြည့်အဝအပြန်အလှန်ကောက်ခံမှုနှုန်းထက် လျော့နည်းမယ်လို့ အရိပ်အမြွက်ပြောခဲ့ပါတယ်။
တာဝန်စတင်ထမ်းဆောင်လို့ ပထမသုံးလအတွင်း ထရန့်က ကားတင်သွင်းမှုအပေါ် အခွန်၂၅ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံမှ သွင်းကုန်တွေအပေါ် အခွန်ထပ်ဆောင်းကောက်ခံမှု ၁၀ ရာခိုင်နှုန်း၊ သံမဏိနဲ့ အလူမီနီယမ်သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေမှ သွင်းကုန်တွေအပေါ် အမေရိကန်-ကနေဒါ-မက္ကဆီကို ကုန်သွယ်ရေးသဘောတူညီချက်ကိုမထိခိုက်စေဘဲ ၂၅ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ကြေညာထားခဲ့တာပါ။
Ref- Forbes