
MT News
၃. ၄. ၂၀၂၅
တရုတ်အစိုးရက ငလျင်ဒဏ် ကူညီကယ်ဆယ်ရေးဆိုင်ရာ အရေးပေါ် လူသားချင်းစာနာမှု အကူအညီ ဒုတိယအသုတ်အား ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ယနေ့ ဧပြီ ၃ ရက် နံနက်ပိုင်းက ပေးပို့ခဲ့ကြောင်း တရုတ်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ သိရသည်။
ဒုတိယအသုတ် ပေးပို့လိုက်သော ကူညီကယ်ဆယ်ရေးပစ္စည်းများတွင် ရွက်ဖျင်တဲ ၈၀၀၊ ခြုံစောင် ၂,၀၀၀၊ ဘီစကွတ်ဘူး ၃,၀၀၀၊ mineral water ဘူး ၂,၀၀၀ နှင့် အခြားအရေးတကြီးလိုအပ်သော ထောက်ပံ့ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။
အဆိုပါ အကူအညီပစ္စည်းများကို တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ရန်ကုန်မြို့ဆီသို့ စင်းလုံးငှားလေယာဉ်ဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ကာ ပထမအသုတ ပေးပို့လိုက်သော ငလျင်ဒဏ် ကူညီကယ်ဆယ်ရေးဆိုင်ရာ အရေးပေါ် လူသားချင်းစာနာမှု အကူအညီများမှာ မတ်လ ၃၁ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။
တရုတ်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ လီမိန်က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လိုအပ်ချက်များအပေါ် မူတည်၍ သဘာဝဘေးသင့် ဒေသများမှ ပြည်သူများထံ အကူအညီများ ဆက်လက်ပေးအပ်ကာ ယင်းသဘာဝဘေးဒဏ်မှ အမြန်ဆုံးကျော်လွှားနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီသွားရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပူးပေါင်းကြိုးပမ်းအားထုတ်မှုနှင့်အတူ မြန်မာပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကို မုချကျော်လွှားနိုင်ကာ ၎င်းတို့၏ နေရပ်ဌာနေများကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
Ref & Photo , Xinhua