၂၁.၁.၂၀၂၃.
translated by Htwe Ko Tun
အနောက်အုပ်စုမဟာမိတ်နိုင်ငံများမှ ကာကွယ်ရေးဌာနအကြီးအကဲ ၅၀ ကျော်သည် ရုရှား-ယူကရိန်းစစ်ပွဲတွင် ယူကရိန်းသို့စစ်လက်နက်များထောက်ပံ့ရေးနှင့်ပတ်သက်၍ သဘောတူညီချက်တစ်စုံတစ်ရာရရှိရေး ဂျာမနီနိုင်ငံတွင် ဇန်နဝါရီလ ၂၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ဂျာမနီအစိုးရ၏ ချီတုံချတုံရှိနေမှုများနှင့်အတူ ခိုင်မာသောသဘောတူညီချက်တစ်စုံတစ်ရာမရခဲ့ကြောင်း သိရသည်။ လက်ရှိတွင် အနောက်နိုင်ငံများအကြား ယူကရိန်းသို့ တင့်ကားများပေးပို့ရန်အတွက် အငြင်းပွားနေမှုကို ပြေလည်အောင်မဖြေရှင်းနိုင်ခဲ့ကြကြောင်း သိရသည်။
အနောက်အုပ်စုနိုင်ငံများအနေနှင့် ယူကရိန်းအစိုးရက ဒေါ်လာဘီလီယံနှင့်ချီသော စစ်လက်နက်ကိရိယာများနှင့် စစ်ပစ္စည်းများ အလျင်အမြန်ပေးပို့ရန် တောင်းဆိုထားချက်အပေါ် သဘောတူညီချက်မရရှိနိုင်ဘဲ ဖြစ်ခဲ့ကြသည်။
အမေရိကန်နှင့် နေတိုးအုပ်စုခေါင်းဆောင်များက အစည်းအဝေးတွင် အနောက်အုပ်စုနိုင်ငံများအကြား ကြီးမားသောသဘောထားကွဲလွဲမှုမရှိကြောင်းနှင့် ယူကရိန်းသို့ကျယ်ပြန့်သော လက်နက်များပေးပို့မှုနှင့် သင်တန်းများထောက်ပံ့ပေးခဲ့မှုတို့အတွက် ဂျာမနီနိုင်ငံအား ချီးကျူးစကားပြောခဲ့သည်။ သို့သော် ဂျာမနီအစိုးရက ၎င်းနိုင်ငံထုတ် Leopard တင့်ကားများကို ယူကရိန်းသို့ထောက်ပံ့ပေးရန်အတွက် မစွမ်းဆောင်နိုင်ဘဲ ဖြစ်ခဲ့ကြသည်။
ပိုလန်ကာကွယ်ရေးဝန်ကြီးက Leopard တင့်ကားများ ပိုင်ဆိုင်သော နိုင်ငံ ၁၅ နိုင်ငံအကြား ဆွေးနွေးခဲ့ကြကြောင်း ပြောခဲ့သည်။ သို့သော် ဆုံးဖြတ်ချက်တစ်စုံတစ်ရာမချမှတ်နိုင်ခဲ့ဘဲ ဤကိစ္စကို နောင်လာမည့်အစည်းအဝေးများတွင် ထပ်မံဆွေးနွေးမည်ဟု ပြောခဲ့သည်။
ဂျာမနီအစိုးရက ယူကရိန်းသို့ အမေရိကန်နိုင်ငံကလည်း ၎င်းထုတ် M1 Abrams တင့်ကားများကိုပေးပို့ရန် သဘောတူခဲ့ပါက ဂျာမနီအနေဖြင့်လည်း Leopard တင့်ကားများ ပေးပို့သွားမည်ဟု အစည်းအဝေးမတိုင်မီရက်များက ပြောခဲ့သည်။ သို့သော် အမေရိကန်အစိုးရကလည်း ၎င်း၏ M1 Abrams တင့်ကားများက ပြုပြင်ထိန်းသိမ်းရာတွင် ကျယ်ပြန့်ရှုတ်ထွေးကာ မြင့်မားသောနည်းပညာများနှင့်အတူ ထောက်ပံ့ပို့ဆောင်ရေးအတွက် စိန်ခေါ်မှုများရှိကြောင်း ပြောကြားကာ ၎င်းတင့်ကားများကို ယူကရိန်းသို့ပေးပို့ရန် ငြင်းဆန်ထားသည်။
ထိုအတောအတွင်း ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့ဗ်က အနောက်အုပ်စုအနေဖြင့် ယူကရိန်းသို့တင့်ကားများ ပေးပို့မည်ဆိုခြင်းက ဆိုးရွားသောအကျိုးဆက်များကို ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း၊ အဆိုပါတင့်ကားများအားလုံးက ပြုပြင်းသိမ်းမှုနှင့် ပြင်ဆင်မှုများလိုအပ်မည်သာဖြစ်ကြောင်း၊ ၎င်းက ယူကရိန်းကို ပြဿနာများသာ ဆက်လက်ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ရုရှားအတွက် ရည်ရွယ်ချက်များ ပြောင်းလဲသွားစေအောင် စွမ်းဆောင်နိုင်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။
Ref—- AP