
၃.၄.၂၀၂၅
Written By Zun
ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဘန်ကောက်မြို့တွင် ဆောက်လက်စ အထပ်မြင့်တိုက်ပြိုကျရာတွင် အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန် (၄) လနှင့် ဇနီးသည်ပါသွားကြောင်း လိမ်လည်ပြောဆိုသည့် ထိုင်းအမျိုးသားကို ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
လိမ်လည်ခဲ့သူ ထိုင်းအမျိုးသားမှာ အသက် ၅၀ အရွယ် စုံနစ်( Somnit )ဆိုသူဖြစ်ပြီး ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျ အထပ်မြင့်တိုက်အတွင်း ပါသွားသည့် ဇနီးသည်မှာ ကိုယ်ဝန် (၄) လ ရှိကြောင်း၊ ၎င်းအမျိုးသမီးငယ်၏ ဝန်ထမ်းကတ်ကိုပြကာ တခြားသူများသနားရန် ပြောဆို၍ ထောက်ပံ့မှုများရရှိရန် လိမ်ညာပြောဆိုခဲ့သည်။









ထိုသို့ စုံနစ် ဆိုသူက သူ၏ဇနီးဟု အမျိုးသမီးငယ်၏ ဝန်ထမ်းကတ်ကို ပြ၍ ပြောဆိုခြင်းကို ခံရသူ ကာယကံရှင် အမျိုး သမီးက သတင်းမီဒီယာများကတစ်ဆင့် သိရှိသွားသောကြောင့် ရဲစခန်းသို့ တိုင်ကြားခဲ့ရာမှ ယင်းဖြစ်စဉ်ကို တာဝန်ရှိသူများက မတ်လ ၃၀ ရက်တွင် စစ်ဆေးခဲ့ရာ လိမ်လည်သူ ထိုင်းနိုင်ငံသား စုံနစ်ကို ဖမ်းဆီးမိခဲ့ကြောင်း၊ ထိုင်းအမျိုးသား စုံနစ်ကလည်း လိမ်လည်ပြောဆိုခဲ့သည်မှာ မှန်ကန်ကြောင်းနှင့် လိမ်လည်ရန် ပြသခဲ့သည့် အမျိုးသမီးငယ်၏ဝန်ထမ်းကတ်ကို လမ်းတစ်နေရာက ကောက်ရခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။
ယင်းအပြင် ထိုင်းနိုင်ငံသား စုံနစ်က သူ့ဇနီးဖြစ်ကြောင်း လိမ်လည်ပြောဆိုခဲ့သည့်အတွက် နစ်နာသူမိန်းကလေးကိုလည်း ရဲစခန်း၌ပင် တောင်းပန်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ယင်း ထိုင်းနိုင်ငံသားအား ထိုင်းရဲတပ်ဖွဲ့က ဥပဒေအရ အရေးယူရန် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။