



၃. ၄. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ယမန်နေ့တွင် မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ H.E.Mr.Yohei SASAKAWA က လာရောက်တွေ့ဆုံပြီး ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေးနှင့် အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ကယ်ဆယ်ရေးပစ္စည်း ၁၄ မျိုးပါ ကျောပိုး အိတ် ၅၀ လုံး၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းဦးထုပ် ၆၀ လုံးနှင့် လက်အိတ် ၁ ဖာတို့ကို ပေးအပ်လှူဒါန်းရာ SAC ဥက္ကဋ္ဌက လက်ခံရယူသည်။
ထို့နောက် SACဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူး ကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ တို့သည် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ကြုံတွေ့ ခဲ့ရသည့် ငလျင်သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရမှုအခြေအနေများ၊ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ပေးခဲ့မှုနှင့် ကူညီကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများပေးပို့ပေးခဲ့သည့် အခြေအနေများ၊ နိုင်ငံတကာမှ လာရောက်ကူညီကြသည့်ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့်အတူ ကူညီကယ်ဆယ်မှုများကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်သဘာဝဘေး အန္တရာယ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျလာရောက်ပေးအပ်လှူဒါန်းခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ နိပွန်ဖောင်ဒေးရှင်းအနေဖြင့် ဒေါ်လာ ၃ သန်းနှင့် ညီမျှသည့် စားနပ်ရိက္ခာများအပါအဝင် အခြားလိုအပ်သည့် ထောက်ပံ့ပစ္စည်းများအား ငလျင်ဒဏ်ခံစားနေရသော ပြည်သူများထံသို့လှူဒါန်းသွားမည်ဖြစ်သည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။