ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူနှင့်ဝန်ထမ်းများ နေရာချထားရေး နှစ်လအတွင်းဆောင်ရွက်ရန်နှင့် အဆောက်အဦများ နေထိုင်ရန် သင့်/မသင့်တို့ကို အမြန်ဆုံးစာရင်းကောက်ယူရန် SAC ဒုဥက္ကဋ္ဌ မှာကြား





၃. ၄. ၂၀၂၅
Written by Nyein Kyaw
ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများနှင့် ဝန်ထမ်းများအား နေရာချထားရေးအတွက် နှစ်လအတွင်း ဆောင်ရွက်ရန်နှင့် အဆောက်အဦများ ပျက်စီးမှု၊ ဖြိုချရန်လိုအပ်မှုနှင့် နေထိုင်ရန် သင့်/ မသင့်တို့ကို အမြန်ဆုံးစာရင်းကောက်ယူရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့က ပြုလုပ်သည့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ ကော်မတီအစည်းအဝေးတွင် မှာကြားခဲ့သည်။
အဆောက်အဦများ ပျက်စီးဆုံရှုံးသွားသည့် ပြည်သူများနှင့် ဝန်ထမ်းများအား နေရာချထားနိုင်ရေးအတွက် မိုးရာသီမတိုင်မီ နှစ်လအတွင်း အနိမ့်ဆုံးအဆင့် ယာယီ အမိုးအကာရရှိအောင် စီမံဆောင်ရွက်ရေး၊ အဆောက်အဦများ ပျက်စီးမှု၊ ဖြိုချရန်လိုအပ်မှုနှင့် နေထိုင်ရန်သင့်/ မသင့်တိုကို အမြန်ဆုံးစာရင်းကောက်ယူရေး၊ အဆောက်အဦများကို ဖြိုချရသည်ဖြစ်စေ၊ အပျက်အစီးများကို ဖယ်ရှားရသည်ဖြစ်စေ မိသားစုပိုင်ပစ္စည်းများကို ပြန်လည်ရရှိနိုင်ရေးအတွက် စနစ်တကျစီမံပြုလုပ်ရေး စီမံဆောင်ရွက်ရန် SAC ဒုတိယဥက္ကဋ္ဌက မှာကြားခဲ့သည်။
ထို့ပြင် နိုင်ငံတကာအကူအညီများ လွယ်ကူချောမွေ့ အဆင်ပြေစေရေးအတွက် စီမံဆောင်ရွက်ပေးနိုင်ရေးနှင့် လမ်းခရီးကန့် သတ်ချက်များနှင့် အကြမ်းဖက် သမားများ၏ နှောင့်ယှက်မှုများရှိနေသောကြောင့် လုံခြုံရေးကိစ္စရပ်များအဆင်ပြေစေရန် ကယ်ဆယ်ရေးယာဉ်နှင့်ကယ်ဆယ်ရေးအဖွဲ့များ ဖြစ်ကြောင်းကို သိသာထင်ရှားသည့် အမှတ်အသားများ ပြုလုပ်၍ ခွင့်ပြုချက်၊ စီမံချက်တို့ ဖြင့် စနစ်တကျ စေလွှတ်ပေးနိုင်ရေး၊ ငလျင်ဒဏ်ကြောင့် သေဆုံးသူများ၊ ဒဏ်ရာရရှိသူများအပေါ် ထောက်ပံ့ကြေးများ အမြန်ဆုံးထုတ်ပေးနိုင်ရေးနှင့် အရေးပေါ် စားနပ်ရိက္ခာများထောက်ပံ့ပေးနိုင်ရေးတို့အတွက် စီမံဆောင်ရွက်ရန် SAC ဒုတိယဥက္ကဋ္ဌက မှာကြားခဲ့သည်။
အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်မှ ဧပြီလ ၂ ရက် ညနေ ၆ နာရီအထိ စာရင်းအရ သေဆုံးသူ ၃,၀၀၃ ဦး၊ ဒဏ်ရာရရှိသူ ၄,၅၁၅ ဦးနှင့် ပျောက်ဆုံးသူ ၃၅၁ ဦးရှိပြီး လူနေအိမ် ၂၁,၇၈၃ လုံး၊ ရုံးဌာနအဆောက်အဦ ၈၀၅ လုံး၊ ဝန်ထမ်းအိမ်ရာ ၁၁၅ လုံး၊ စာသင်ကျောင်း ၁,၀၄၁ ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်း ၉၂၁ ကျောင်း၊ ဘုရားစေတီ ၁,၆၉၀ ဆူ၊ အခြားဘာသာရေးအဆောက်အဦ ၃၁၂ လုံး၊ ဆေးရုံ/ဆေးခန်း ၄၈ လုံး၊ စပါးနှင့် အခြားသီးနှံ ၄၅ ဧကတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။