ဖမ်းမိတရားခံများတွင် မူးယစ်ဆေးဝါးအမှူကြီးခုနစ်ခုမှ လွတ်မြောက်နေသူ တရားခံပြေးနှစ်ဦး ပါဝင်

၃. ၄. ၂၀၂၅
Written by Nay Moe
ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA ကို ငွေထောက်ပံ့နေသူ ဦးဆောင်ပါဝင်သည့် မူးယစ်မှောင်ခိုဂိုဏ်းအား ကျပ် ၈ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးများနှင့်အတူ ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၅ ရက် ညနေ ၆ နာရီက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၊ တောင်တော်ကျေးရွာအုပ်စု ပဒုမ္မာကျေးရွာအနီးတွင် သတင်းအရ စောင့်ဆိုင်းနေစဉ် တောင်တော်ကျေးရွာဘက်မှ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးကျေးရွာဘက်သို့ ရဲနိုင်ဦး၊ အောင်ငွေမိုး၊ ထွန်းလှိုင်နှင့် ရှိုင်းကိုဇင်တို့ လေးဦး ဆိုင်ကယ်လေးစီးဖြင့် သယ်ဆောင်လာသည့် ဆာလာအိတ် ၁၂ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၃ ဒသမ ၉ သိန်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
ဖမ်းမိတရားခံတို့၏ ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၇ နာရီတွင် စိတ်ကြွရူးသွပ်ဆေးပြားများအား ရွာငံမှ ကျောက်ဆည်သို့ သယ်ဆောင်ခိုင်းသူ လွမ်းဇော်(ခ)ကိုပွားနှင့် နောင်သျှမ်းဝင်းတို့ နှစ်ဦးအား ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာအနီးတွင် ဆိုင်ကယ်တစ်စီးနှင့်လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ တာဝန်ခံ သယ်ဆောင်သည့် ညီဝဏ္ဏနှင့် သိန်းလင်းကျော်တို့ နှစ်ဦးအား ရန်ကုန်-မန္တလေးလမ်းဟောင်း၊ လယ်ကြီးကျေးရွာအနီးတွင် KLUGER ယာဉ်တစ်စီးနှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ထပ်မံဖမ်းမိသူတို့၏ ဖော်ထုတ်ချက်အရ ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ်အနီး တောအတွင်းရှိ လျှိုမြောင်ထဲတွင် သိုဝှက်သိမ်းထားသည့် ဆာလာ အိတ် ၁၅ အိတ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၀ ဒသမ ၉ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၈ ဒသမ ၂၂ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၄ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများမှာ သီပေါမြို့နယ် နားလွမ့်ကျေးရွာနေ အိုက်စိုင်း(ခ)အိုက်စံ(ခ)စိုင်းနောင့် မှ ညီဝဏ္ဏနှင့် သိန်းလင်းကျော် တို့အား ရှမ်းပြည်နယ်(တောင်ပိုင်း) မှ ရန်ကုန်သို့ သယ်ဆောင်ခိုင်းခြင်း ဖြစ်ပြီး ညီဝဏ္ဏနှင့် သိန်းလင်းကျော် တို့မှ ရွာငံမြို့နယ် ကျောက်ဂူပြင် ကျေးရွာနေ ဝင်းမင်းထက်(ခ) ငတစ်(ခ)သားတစ်အား ရွာငံမှ ကျောက်ဆည်သို့ တောလမ်းမှ သယ်ဆောင်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။
ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြား ၅၄ ဒသမ ၈ သိန်းအနက် သိန်း ၄၀ အား ရန်ကုန်မှ မင်းတုန်းသို့ သယ်ဆောင်ခိုင်းသူ အောင်သူရအား ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်းသည် AA အကြမ်းဖက်အဖွဲ့သို့ ငွေကြေးထောက်ပံ့နေသူ ဖြစ်ကြောင်း၊ ၎င်း၏ စေခိုင်းချက် အရ ကျော်ခိုင်(ခ)ကျော်နိုင်(ခ) ဖြူသီး၊ ညီစန်းအောင်၊ အောင်ထွန်းလင်း(ခ)ညီညီနှင့် ဇော်နိုင်လင်း တို့သည် ရန်ကုန်မှ မင်းတုန်းသို့ စိတ်ကြွရူးသွပ်ဆေးပြားများအား အကြိမ်ကြိမ်ပို့ဆောင်ခဲ့ကြောင်း၊ အလားတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၈ သိန်းအား ရန်ကုန်မြို့တွင် လက်ခံသူ မျိုးမြင့်မောင်(ခ) မောင်မောင်နှင့် ထွေးမင်းခန့်(ခ) သားငယ်တို့အား မြောက်ဥက္ကလာပမြို့နယ် (ဈ)ရပ်ကွက်တွင် TOYOTA SPRINTER ယာဥ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ဖော်ထုတ်ချက်များအရ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်း ဒေသကြီးသို့ သယ်ဆောင်ခိုင်းသူမှာ ကျေးသီးမြို့နယ်၊ ဝမ်စိမ်း ကျေးရွာနေ မစိန်မေ(ခ)ယမင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်း နိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဆက်လက် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား သယ်ဆောင်ရောင်းဝယ်ရာတွင် စီမံခန့်ခွဲသူ အိုက်စိုင်း(ခ) အိုက်စံ(ခ)စိုင်းနောင့် (သီပေါ မြို့နယ်နေသူ)သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု၊ အမှုကြီး ခြောက်မှုမှ အလိုရှိ တရားခံပြေး ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့တွင် စိတ်ကြွရူးသွပ် ဆေးပြားများ လက်ခံ၍ သယ်ဆောင်ရောင်းဝယ် သူ မျိုးမြင့်မောင်(ခ)မောင်မောင်သည်လည်း ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုမှ အလိုရှိတရားခံပြေး တစ်ဦးဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။