
MT News
၃.၄.၂၀၂၅
ငလျင်ဘေးဒဏ်ကြောင့် နိုင်ငံတော်က ပျက်စီးဆုံးရှုံးခဲ့ရမှုများအပေါ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်လုပ်ဆောင်နေသဖြင့် ရက် ၂၀ ကြာ အပစ်ရပ်မည်ဟု ထုတ်ပြန်ပေးပြီးနောက် ကချင်လက်နက်ကိုင် KIO/KIA ကလည်း မြန်မာ့တပ်မတော်ကဲ့သို့ အပစ်ရပ်မည်ဟု တရားဝင်ထုတ်ပြန်လာသည်။
ကချင်လက်နက်ကိုင် KIO/KIA ၏ ထုတ်ပြန်ချက်အရမြန်မာ့တပ်မတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ၂ဝ၂၅ ခုနှစ် ဧပြီလ (၂) ရက်နေ့တွင် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်သည်ကို သိရှိရကြောင်း ဖော်ပြထားပြီး ဤထုတ်ပြန်ချက်သည် မတ်လ (၂၈) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်း မြေငလျင်ဘေးဒဏ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း နားလည်ရပါသည်ဟု ပြောသည်။
သို့ဖြစ်ပါ၍ KIO အနေဖြင့်လည်း ၂၀၂၅ ခုနှစ် ဧပြီလ (၂) ရက်နေ့မှ ၂၀၂၅ ခုနှစ် ဧပြီလ (၂၂) ရက်နေ့အထိ ခုခံကာကွယ်ခြင်းမှအပ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားမည် ဖြစ်သည်ဟု ဆိုသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက် အပိုဒ် (၄) ပါ အကြောင်းအရာ အချက်အလက်များကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များသာမက မြန်မာ့တပ်မတော်ဘက်ကလည်း လိုက်နာရန်လိုအပ်ပေသည်ဟု ဆိုသည်။