



၂.၄.၂၀၂၅
Written by Hey Mar
စစ်ကိုင်း၊ မင်းဝံတောင်ရိုးပေါ်က ငလျင်ကြောင့် ပြိုကျပျက်စီးတဲ့ အဆောက်အဦတွေကို မနက်ဖြန် စတင်ဖြိုဖျက်တော့မယ်လို့ အဆိုပါ စစ်ကိုင်းချောင်မှာ မြေပြင်အကူအညီ သွားရောက်လုပ်ကိုင်ပေးနေတဲ့ ဧရာဝတီတိုင်းဒေသကြီး အခြေစိုက်လူမှုကူညီရေးအသင်းထံကနေသိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြောင့် ပြိုကျတဲ့အထဲပါသွားတဲ့ သီလရှင်တွေ စာချတွေရဲ့ ရုပ်အလောင်းတချို့ မနေ့က နောက်ဆုံးတူးဖော်တာတွေပြုလုပ်ခဲ့ပြီး ဒီနေ့ငလျင်လှုပ်ပြီး ၅ ရက်မြောက်နေ့ ဧပြီ ၂ ရက်နေ့မှာကတော့ ပြိုကျပျက်စီးတဲ့ အဆောက်အဦတွေထဲက ပစ္စည်းတွေ ယူလို့ သယ်လို့ ရနိုင်တာတွေကို ပရဟိတအသင်းတွေက ကူညီသယ်ထုတ်ပေးနေကြပြီး မနက်ဖြန်မှာတော့ ငလျင်ဒဏ်သင့် အဆောက်အဦတွေကို ဖြိုချမယ်လို့ သက်ဆိုင်ရာက လာရောက်အသိပေးမှာကြားသွားပြီဖြစ်တယ်လို့ ဒေသခံ ပရဟိတ အသင်းတချို့ထံကနေလည်း သိရပါတယ်။
စစ်ကိုင်းမြို့က ငလျင်ဘေးဒဏ်ကြောင့် ၈၀ ရာခိုင်နှုန်းပျက်စီးခဲ့ကာ စားရေရိက္ခာ အခက်အခဲပြဿနာတွေလည်းရှိကြောင်း သတင်းတွေ ပျံ့နှံ့ခဲ့တဲ့အတွက် အခုအခါ သွားလာလို့ ဘေးအန္တရာယ်မဖြစ်နိုင်လောက်တဲ့ နေရာပတ်ဝန်းကျင်တစ်ဝိုက်ကတော့ လှူဖွယ်ပစ္စည်း ရရှိကြလို့ လိုအပ်တာထက် ပိုလျှံနေပြီး သွားလာရအခက်အခဲရှိကြတဲ့ နေရာ၊ မသွားလာရဲကြတဲ့နေရာတွေမှာတော့ ပျက်စီးဆုံးရှုံးထားပေမယ့်လည်း ဘာအကူအညီမှ မရရှိကြဘူးလို့ ရန်ကုန်မြို့ကနေ ထွက်ခွာကူညီတဲ့ အရန်မီးသတ်တပ်ဖွဲ့မှ စေတနာ့ဝန်ထမ်းတချို့က ဆိုပါတယ်။




အဆိုပါ စေတနာ့ဝန်ထမ်းလူငယ်တွေက “ကျွန်တော်တို့ တစ်ရက်နဲ့ တစ်ညနေပြီး ဒီနေ့ မန္တလေး ပြန်ထွက်ခဲ့ပါပြီ။ ဘာအခက်အခဲတွေ ကြုံရလဲဆိုတော့ မြို့က အကူအညီလိုနေတာ မှန်ပါတယ်။ လိုတဲ့နေရာ လို ပိုတဲ့နေရာတွေ ပိုလျှံနေတယ်။ မလိုရင်လည်း တခြားနေရာလွှတ်တာမျိုးမရှိဘူး လိုလို မလိုလို ယူကြတယ်ဗျာ။ အဲ့လိုဖြစ်နေတာ။ နယ်မြေ အနေအထားကလည်း အဲ့ဘက်က သိတဲ့အတိုင်းပဲ အေးချမ်းတည်ငြိမ်မှုမရှိဘူး။ တချို့နေရာတွေက ကင်းပုန်းတွေရှိတယ်။ ည ဆယ်နှစ်နာရီ တစ်ချက် သေးတောင်ထမပေါက်ရဲဘူး။ မဲမဲမြင်ရင် ပစ်တာလို့ ပြောလို့။ ပိုတဲ့နေရာကလည်း ပိုလျှံတာထက်ကို ပိုနေတယ်။ လိုတဲ့နေရာတွေကြတော့လည်း မသွားရဲလို့ကို မရောက်တာ။ သွားလို့မရတာတော့မဟုတ်ဘူး။ မသွားရဲတာပါ။ သွားလိုက်ရင် ဖြစ်များဖြစ်မလားဆိုတာကို ကြောက်ကြတာ။ မန္တလေး တံတားဦးဘက်လည်း အခြေအနေဆိုးတာပဲ။ ဒါပေမယ့် ရောက်မှ မရောက်ကြတာ ။ ဘယ်ကယ်ဆယ်ရေးအဖွဲ့ သွားရဲလဲဆို ဘယ်သူမှ မသွားရဲဘူး။ စစ်ကိုင်းလည်းအဲဒီလိုပါပဲ” လို့ MT News က စုံစမ်းမေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
လက်ရှိ စစ်ကိုင်း မင်းဝံတောင်ရိုးရှိ လူသူ အရောက်အပေါက်နည်းတဲ့ တောတောင် လျှိုမြောင်တွေက သီလရှင်ကျောင်းတွေ ဘုန်းတော်ကြီးကျောင်းတွေဆီ ဆေးဝါးအကူအညီ သွားရောက်ကူညီနေကြတဲ့ ပရဟိတအဖွဲ့ကလည်း “အကိုတို့က ခြေကျိုး၊ လက်ကျိုး၊ ခေါင်းကွဲ၊ သက်ကြီးဘိုးဘွား သံဃာတွေ အသေးစားကျန်းမာရေးပြဿနာလေးတွေ ကုသပေးပါတယ်။ကြီးကြီးမားမားတော့ ဆေးရုံကြီးဆီ လွှတ်တယ်။ ချိတ်ဆက် တင်ပို့ပေးတယ်။ မြွေအန္တရာယ်ရှိတာတော့ မှန်ပေမယ့် မြွေကြောင့် ဆေးရုံရောက်လာတာမျိုး ဆေးရုံကြီးမှာ မကြားမိခဲ့ဘူး။ ရှိရင်လည်း ရှိမှာပေါ့။ အကိုတို့ ကြားလောက်အောင် မများနေတာ နေမှာပေါ့။ နောက်ပြီး ဆေးရုံကြီးမှာ မြွေဆိပ်ဖြေဆေးလည်း အလုံအလောက် ရှိတယ်ဆိုတဲ့ သတင်း ကြားပါတယ်” လို့ ဆိုပါတယ်။
အခု လတ်တလောအခြေအနေတွေအရ စစ်ကိုင်းမြို့က အကူအညီလိုအပ်တယ်ဆိုပြီး ဟိုးလေးတကြော်ကြော် ဖြစ်နေတဲ့အချိန်မို့ စားစရာတွေ လှူဖွယ်ပစ္စည်းတွေ လာလှူတဲ့ အလှူရှင်တွေ များပြားပေမယ့် ရေရှည်မှာတော့ အလှူရှင်မရှိတော့ရင် အခက်အခဲဖြစ်နိုင်ကြောင်းလည်း ဒေသခံပရဟိတအသင်းတချို့ကဆိုပါတယ်။
အဆိုပါ ဒေသခံပရဟိတအသင်းက “ဘာဖြစ်လို့လဲဆိုတော့ စစ်ကိုင်းတောင်က မန္တလေးကို အမှီသဟဲပြုပြီးနေရတာ။ မန္တလေးမြို့ကြီးကို မှီခိုနေပြီး စစ်ကိုင်းတောင်ရိုးက သာသနာပြုနေကြတာ။ မန္တလေးကလည်းတော်တော် အခြေအနေဆိုးတဲ့အခါကြတော့ မန္တလေး အခြေအနေမကောင်းမခြင်း စစ်ကိုင်းတောင်ရိုးကတော့ ဆန်တို့ စားသောက်ဖွယ်တို့ သီလရှင်တွေ သံဃာတွေအတွက်တော့ အခက်အခဲ ဖြစ်မယ်။ ဒါက ရေရှည် အခြေအနေကို ကျွန်တော်ပြောပြတာပါ။ အလှူတွေ ပုံတဲ့နေရာ ပုံနေပြီး မရတဲ့နေရာမရတာမျိုးမဖြစ်ရအောင် သက်ဆိုင်ရာကနေတစ်ဆင့် သေချာစနစ်တကျနဲ့ ဝင်ရင်တော့ သွားမရတဲ့နေရာတို့ မသွားရဲတဲ့နေရာတို့ပါမရှိဘဲ တစ်ပြေးညီ အဆင်ပြေသွားမယ် ထင်ပါတယ်” လို့လည်း မြို့အခြေအနေကို ရှင်းပြပါတယ်။