




၂.၄.၂၀၂၅
Written By Zun
ငလျင်ကြောင့် ဘန်ကောက် အဆောက်အဦး ပြိုကျရာတွင် ထိခိုက်၊ ပျောက်ရှ၊ သေဆုံးရသည့် မြန်မာအလုပ်သမားများအတွက် ကူညီရန် ဘတ် ၂ သန်းနှင့် ထောက်ပံ့ရေး ပစ္စည်းများကို ယနေ့ ဧပြီလ ၂ ရက်တွင် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးအား ပေးအပ်ခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထောက်ပံ့ပေးအပ်ခဲ့ရာတွင် ဘတ် ၂ သန်းအပြင် လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်း အလေးချိန် ၁၂၆၇၅ ကီလိုလည်း ပါဝင်ကြောင်း၊ ယင်း ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ထိုင်းအလုပ်သမားဝန်ကြီး ဖိဖတ် ရစ်ချကစ် ပရကန်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငလျင်ကြောင့်အဆောက်အဦ ပြိုကျမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်းနှင့် ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားအလုပ်သမားများအား ထိုင်းအလုပ်သမားများကဲ့သို့ ခွဲခြားမှုမရှိဘဲ အလုပ်သမားအခွင့်အရေး ရရှိစေရန် ဥပဒေနှင့်အညီ ကူညီစောင့်ရှောက်ပေးသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးက အဆိုပါ အခမ်းအနားအတွင်း ပြောကြားခဲ့ကြောင်းလည်း သိရသည်။
ယင်းအပြင် ထိုင်းနိုင်ငံမှ သက်ဆိုင်ရာ အစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ စာရွက်စာ တမ်းအကျိုးဆောင်ကုမ္ပဏီများစုပေါင်း၍ ငါးသေတ္တာ (၂၂၀) ဖာ၊ ခေါက်ဆွဲခြောက် (၃၄၇၀) ကီလို၊ ဆန် (၁၅) ကီလိုအိတ် (၅၄) အိတ်၊ သောက်ရေသန့် (၇၂၇) ကတ်၊ စားစရာမုန့်များနှင့် အချိုရည်ဘူးများကို ထိုင်းသံရုံးမှတစ်ဆင့် ငလျင်ဒဏ်သင့် မြန်မာပြည်သူများအား မနက်ဖြန် ဧပြီလ ၃ ရက်တွင် ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။