
MT News
၂.၄. ၂၀၂၅
အမျိုးသမီးငယ်များအား သွေးဆောင်ဖြားယောင်း ပေါင်းသင်းပြီးမှ တရုတ်မယားအဖြစ် အမြတ်ထုတ်ရောင်းစားနေသူ တရားခံ ၂ ဦးကို ဖမ်းမိခဲ့ကြောင်း ယနေ့ထုတ်ပြန်သည်။
မြန်မာအမျိုးသမီးငယ်များအား သွေးဆောင်ဖြားယောင်း၍လည်းကောင်း၊ ငွေကြေးမက်လုံးပေး စည်းရုံး၍လည်းကောင်း ခေါ်ဆောင်၍ တရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ရန် ပွဲစားများနှင့်ချိတ်ဆက်ပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြောင်း တာဝန်သိပြည်သူတစ်ဦး၏သတင်းပေးမှုအရ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် လုံခြုံရေးအဖွဲ့ဝင်များမှ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ ကားကြီးဝင်းအတွင်းရှိ မြတ်မင်္ဂလာမော်တော်ယာဉ်ဂိတ်၌ အမျိုးသမီးငယ်များအား သွေးဆောင် ဖြားယောင်း၍ တရုတ်နိုင်ငံသို့ လိမ်လည်ပို့ဆောင်နေသူ မြတ်သူအား အမျိုးသမီးငယ်တစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ တရားခံ မြတ်သူအား စစ်ဆေးချက်အရ အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ချိတ်ဆက် ပို့ဆောင်ပေးနေသည့် လူမှောင်ခိုပွဲစားဖြစ်သူ သန်းဌေးဝင်း(ခ)သန်းဌေးအား မတ်လ ၂၈ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ခေမာသီလမ်းရှိ Relex မိုတယ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများအား စိစစ်ဖော်ထုတ်ချက်အရ မြတ်သူသည် Telegram မှတစ်ဆင့် ချစ်ကြိုက်ခဲ့သည့် အမျိုးသမီးငယ်နှင့်အတူ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် မြောက်ဥက္ကလာပမြို့ နယ်ရှိရွှေပြည်စံတည်းခိုခန်း၌ တည်းခိုနေထိုင်ခဲ့ကြောင်း၊ ထိုသို့နေထိုင်စဉ် ငွေကြေးလိုအပ်ချက်ကြောင့် ၎င်းအမျိုးသမီးငယ်၏ နားကပ်အား ငွေကျပ် ၂၀၀,၀၀၀ ဖြင့်လည်းကောင်း၊ လက်ကိုင်ဖုန်းအား ငွေကျပ် ၁၃၀,၀၀၀ ဖြင့်လည်းကောင်း ရောင်းချသုံးစွဲခဲ့ကြောင်း၊ ၎င်းနောက် မတ်လ ၂၇ ရက်တွင် မူဆယ်မြို့နေ လူမှောင်ခိုပွဲစားဖြစ်သူ မီးမီးထံဆက်သွယ်၍ အမျိုးသမီးငယ်အား တရုတ်ဇနီးမယား အဖြစ်လုပ်ကိုင်ရန် တရုတ်နိုင်ငံသို့ ပို့ဆောင်လိုကြောင်း ပြောဆိုခဲ့ရာ မီးမီးမှ ပွဲစားခအဖြစ် တရုတ်ငွေ ယွမ် ၂,၀၀၀ နှင့် အမျိုးသမီးငယ်အတွက် တရုတ်ငွေ ယွမ် ၂၀,၀၀၀ ရရှိမည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း၊ ထို့နောက် မြတ်သူမှ အဆိုပါအမျိုးသမီးငယ်အား မန္တလေးမြို့သို့ လိမ်လည်ခေါ်ဆောင်၍ ၎င်းမှတစ်ဆင့် မူဆယ်မြို့သို့ ဆက်လက်ပို့ဆောင်ရန် စီစဉ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မြတ်သူသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ၎င်းနှင့်ချစ်ကြိုက်နေသည့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နေ အမျိုးသမီးတစ်ဦးအား ပြင်ဦးလွင်မြို့ရှိ အမေ့အိမ် တည်းခိုခန်းသို့ ခေါ်ယူပေါင်းသင်းခဲ့ကြောင်း၊ ၎င်းနောက် ပွဲစားဖြစ်သူ သန်းဌေးဝင်း(ခ)သန်းဌေး (ဖမ်းဆီးရမိ)နှင့်ဆက်သွယ်၍ ၎င်းအမျိုးသမီးအား တရုတ်နိုင်ငံသို့ပို့ဆောင်ပေးရန် ပြောဆိုခဲ့ကြောင်း၊ ထို့နောက် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ၎င်းအမျိုးသမီးနှင့်အတူ ပြင်ဦးလွင်မြို့မှ မန္တလေးမြို့သို့ ပြန်လာခဲ့ပြီး ကျွဲဆည်ကန်ကားကြီးဝင်းအနီးရှိ Power Land တည်းခိုခန်း၌ တည်းခိုနေထိုင်ခဲ့ကြောင်း၊ မတ်လ ၁၁ ရက်တွင် သန်းဌေးဝင်း(ခ)သန်းဌေးမှ ၎င်းအမျိုးသမီးအား တရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ရန် ငွေကျပ် သိန်း ၁၂၀ ဖြင့် ညှိနှိုင်းကာ မန္တလေးမြို့မှ မော်တော်ယာဉ်ဖြင့် မူဆယ်မြို့သို့ ပို့ဆောင်ခဲ့ပြီး တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
လူမှောင်ခိုပွဲစားဖြစ်သူ သန်းဌေးဝင်း(ခ)သန်းဌေးသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်အထိ ဖမ်းဆီးရန်ကျန် လူမှောင်ခိုပွဲစားများဖြစ်သည့် ဇော်ထက်၊ သားကြီး၊ အခွန်၊ သူရဇော်တို့နှင့်ချိတ်ဆက်၍ အမျိုးသမီးငယ် ၂ ဦးအား အလားတူ တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ပြီး တစ်ဦးလျှင် ငွေကျပ် သိန်း ၁၃၀ မှ ၁၄၀ အထိ ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်ဖော်ထုတ်သိရှိချက်အရ အမျိုးသမီးငယ်များအား Telegram မှတစ်ဆင့်ဆက်သွယ်၍ ချစ်ကြိုက်ကြောင်းလိမ်လည်လှည့်ဖြားစည်းရုံးပြီး ငွေကြေးရယူလိုမှုဖြင့် သွေးဆောင်ဖြားယောင်းကာ တရုတ်နိုင်ငံသို့ လိမ်လည်ပို့ဆောင်နေသည့် တရားခံ မြတ်သူနှင့် လူမှောင်ခိုပွဲစား သန်းဌေးဝင်း(ခ) သန်းဌေးတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေများနှင့်အညီ ထိထိရောက်ရောက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော မီးမီး၊ ဇော်ထက်၊ သားကြီး၊ အခွန်နှင့် သူရဇော်တို့အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
လူမှောင်ခိုပွဲစားများအနေဖြင့် မြန်မာအမျိုးသမီးငယ်များအား နည်းလမ်းမျိုးစုံဖြင့် စည်းရုံး သိမ်းသွင်း၍ တရုတ်ဇနီးမယားအဖြစ် ပေါင်းသင်းစေရန် တရုတ်နိုင်ငံသို့ ပို့ဆောင်နေမှုများအား ထိထိရောက်ရောက်တားဆီးနိုင်ရေးအတွက် သက်ဆိုင်ရာမှ အချိန်နှင့်တစ်ပြေးညီ သတင်းဖော်ထုတ် ဖမ်းဆီး လျက်ရှိသကဲ့သို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေးအတွက် မိဘပြည်သူများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ပါရန် အသိပေးသတင်းထုတ်ပြန်ထားသည်။