




၂. ၄. ၂၀၂၅
Written By Thettant
အနုပညာလောကထဲမှာ ဆယ်စုနှစ်လေးစုကျော်ရှင်သန်ရပ်တည်ခဲ့ပြီး ပြည်သူချစ်တဲ့ အဆိုတော်ကြီး ဂျေညီညီဟာ အသက် ၇၂ နှစ်အရွယ် မတ်လ ၃၁ ရက် နံနက် ၄ နာရီခွဲက မြောက်ဥက္ကလာပမြို့နယ် နေအိမ်မှာ ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်ခဲ့တာကြောင့် ဒီနေ့လယ် ၃ နာရီမှာတော့ သူ့ရဲ့နောက်ဆုံးခရီးအဖြစ် ရေဝေးသုသာန်မှာ သင်္ဂြိုဟ်ခဲ့ရပြီဖြစ်ပါတယ်။
“ဖေရေ သွားနှင့်တော့။ ကောင်းရာဘုံဘဝက မေတို့ကိုကြည့်နေနော်။ သားသားလေး သနားပါတယ် သူ့အဖေအနားကမခွာဘူး”လို့ ဂျေညီညီရဲ့ ဇနီးဖြစ်သူက လူမှုကွန်ရက်မှာ ပုံနဲ့တကွ နှုတ်ဆက်ထားပါတယ်။
အဆိုတော်ဂျေညီညီဟာ ကျောက်ကပ်ရောဂါရှိသူဖြစ်ပြီး ပေါင်အရိုးကျိုးခိုက်မှာ ဆီးဆိပ်ပြန်တက်တာကို မသိလိုက်တာနဲ့ ဖျားလိုက်၊ အားနည်းလိုက်၊ သွေးပေါင် ကျလိုက်ဖြစ်ရာကနေ ကွယ်လွန်မယ့်မနက်မှာ အောက်ဆီဂျင်ပြတ်ပြီး သတိပြန်မလည်လာဘဲ ကွယ်လွန်ခဲ့တာပါ။
မွေးချင်း ၄ ယောက်ရှိတဲ့ အဆိုတော် ဂျေညီညီက ၁၉၅၃ ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပြီး ဆုံးပါးသွားချိန်မှာ အသက် ၇၂ နှစ်ရှိပြီဖြစ်ကာ ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ သားလေးတစ်ယောက် ကျန်ရှိလို့ နေခဲ့ပါတယ်။
၁၉၈၄ – ၁၉၈၅ ခုနှစ်ပိုင်းတွေတည်းက ဂီတလောကထဲ ရောက်ရှိခဲ့တဲ့ ဂျေညီညီရဲ့ အလွမ်းကဖီး၊ ပလက်ဖောင်းရှိုး၊ စွဲနေပြီ၊ ဒီမိုး၊ အချစ်မိုး၊ မြိုင်နန်းစံ ပန်းတစ်ပွင့်၊ လူပျိုကြီးပဲလုပ်တော့မယ် စတဲ့ သူသီဆိုရာ တေးသီချင်းများစွာဟာ ဒီနေ့ ထင်ပေါ်ကျော်ကြားဆဲပါ။
ပုံစာ။ ဂျေညီညီရဲ့ နောက်ဆုံးခရီးပုံရိပ် (Photo – San Di)