၂၁. ၁. ၂၀၂၃
Written By Thandar
“ကမ္ဘာကသိတဲ့ မြနန်းနွယ်” ဇာတ်ကားအတွက် ရွှံကိုင်ရင် ရွှေဖြစ်တဲ့ သရုပ်ဆောင်တွေရှိပေမယ့် အိပ်မက်ပဌာန်းဆက်အရ သရုပ်ဆောင်တွေရွေးချယ်ထားတယ်လို့ ဒါရိုက်တာဦးကျော်ဟိန်းကျော်က MT News Entertainment ကို ပြောပါတယ်။
ဒီကားမှာပါဝင်သရုပ်ဆောင်မယ့် မောင်နှံခုနှစ်ဖော် မိတ်ဆက်ပွဲကိုတော့ ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ဒဂုံတောင်ပိုင်းမြို့နယ် ၆၅ရပ်ကွက် ၊ Tosta အိမ်ရာ၌ ကျင်းပခဲ့တာပါ။
“အမတော်မြနန်းတော်ဇာတ်ကားအတွက် မောင်နှံခုနှစ်ဖော်ပြည့်အောင် ၅ နှစ်လုံးစောင့်ခဲ့ရတယ်။ အဘမှာပြီးခဲ့တဲ့ လအထိကို ၆ ယောက်ရှိနေခဲ့တယ်။ ဒီကနေ့ ပွဲစီစဉ်မယ့်အချိန်မှာ မနေ့က တစ်ယောက်က ပြည်မြို့ကနေ ထပ်ရောက်လာတယ်။ သူ့ဆီမှာ စကားဝှက်အိပ်မက်ရခဲ့တယ်၊ ဒီစကားဝှက်ကို တစ်ယောက်ဆီအသိမပေးဘဲ စာအိတ်တစ်ခုထဲ ရေးထည့်ထားတယ်။တစ်ပြိုင်ထဲ စာအိတ်ဖောက်ပြီးပြန်တိုက်ကြည့်တော့ စကားဝှက်အိပ်မက်အတူတူပဲဖြစ်နေတယ်။ ပုဂ္ဂိုလ်ရေးမပါဘဲ ရွေးချယ်ခဲ့တာပါ။ ဇာတ်ကားရိုက်ဖို့ ပိုက်ဆံတစ်ဝက်ခံမယ်ဆိုပြီး ကမ်းလှမ်းသူတွေလည်း ရှိပါတယ်။
အဘက မြနန်းနွယ်ရဲ့ မောင်နှံခုနှစ်ဖော်နဲ့ အနုပညာပတ်သက်ပြီး စိစစ်ရွေးချယ်တာ မဟုတ်ပါဘူး။ သူတို့ရဲ့ ပဌာန်းဆက်ကိုပဲ စိစစ်ရွေးချယ်ဖြစ်တာပါ။ အဘတို့လောကမှာ ကိုလူချောကစပြီး ရွှံကိုင်ရင်ရွှေဖြစ်တဲ့ သရုပ်ဆောင်တွေရှိပါတယ်။ အနုပညာကို ဒုက္ခမျိုးစုံခံပြီးတော့ ဒီလောကရောက်လာတာတွေရှိတယ်။ ရွှံကိုင်ရင် ရွှေဖြစ်တဲ့ သရုပ်ဆောင်တွေရှိပေမယ့်အိပ်မက် ပဌာန်းဆက်တွေ သရုပ်ဆောင်ဖို့ရွေးချယ်ဖြစ်တာပါ။ ဒါပေမယ့် အဓိက အမတော်မြနန်းနွယ်နေရာက သရုပ် ဆောင်မယ့်သူက လက်ရှိ မရောက်လာသေးပါဘူး “လို့ ဒါရိုက်တာဦးကျော်ဟိန်းကျော်က ပြောပါတယ်။
ဒါရိုက်တာဦးကျော်ဟိန်းကျော်ရဲ့ ဒီဇာတ်ကားမှာ မောင်နှံခုနှစ်ဖော်အဖြစ် Mrs.မေမုဒြာ၊ ရွှေဖြူ၊ နန်းဝေဝေမြင့်၊ တင်မိမိကြိုင် ၊ နှင်းဆီဝိုင်နဲ့ မြနန်းဝေ၊ Miss Golden Land 2017 မောင့်ပျိုမေတို့က ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
“ဒီကားထဲမှာ ကျွန်မပါဝင်ရမယ့် ကာရိုက်တာက ဆင်းရဲတဲ့ တံငါသည်ဘဝကို သရုပ်ဆောင်ရမှာပါ။ ဒီကာရိုက်တာအတွက် ဝတ်ရမယ့် အဝတ်အစားတွေကအစ သူများတွေဆီကနေ လိုက်တောင်းထားတယ်။ ယောက်ျားလေး ရှပ်အင်္ကျီနွမ်းနွမ်းလေးနဲ့ ထဘီနွမ်းနွမ်းလေးတွေ၊ ပုဆိုးဟောင်းလေးတွေကို ရှာထားတယ်။ ကျွန်မသရုပ်ဆောင်ရမယ့် ကာရိုက်တာ နေရာကလည်း ကြမ်းတမ်းတဲ့ဘဝဆိုတော့ အဲ့ဘဝလေးကို နှလုံးသွင်းထားတယ်။ ကျွန်မကို ပေးအပ်တဲ့ တာဝန်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်”လို့ Mrs.မေမုဒြာက ပြောပါတယ်။
ဒီဇာတ်လမ်းရဲ့ ဇာတ်လမ်း ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ကျော်ဟိန်းကျော်ကရိုက်ကူးတဲ့ “ကမ္ဘာကသိတဲ့ မြနန်းနွယ်” ဇာတ်လမ်းတွဲရဲ့ အပိုင်း ၆၀ နီးပါးကို လွန်ခဲ့သော လေးနှစ်ကတည်းက ဇာတ်ပို့ဇာတ်ရံ အယောက် ၁၀၀ နီးပါးနဲ့ သန်လျင်မြို့နယ် ငပကျေးရွာတွင် ဖန်တီးထားလျက်ရှိပြီဖြစ်ပါတယ်။ ကျန်ရှိတဲ့ အပိုင်း ၂၁ ပိုင်းကိုတော့ မကြာခင်ရိုက်ကူးသွားမှာဖြစ်ပြီးတော့ ဇာတ်လမ်းအပိုင်းအားလုံးပေါင်း ၈၁ ပိုင်းအထိ ရိုက်ကူးသွားမှာဖြစ်ပါတယ်။