



MT News
၂.၄.၂၀၂၅
ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ရဟန်း ရှင် လူ ပြည်သူများအားလှူဒါန်းနိုင်ရေး ရန်ကုန်တိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများက တစ်ကျောင်းလျှင် ကျပ် ၁ သိန်းအထက် လှူဒါန်းနိုင်ရန် နှိုးဆော်နေကြောင်း သိရသည်။
အဆိုပါ နှိုးဆော်မှုနှင့် စပ်လျဥ်း၍ မတ်လ ၂၈ ရက် မွန်းလွဲ(၁၂)နာရီ (၅၁)မိနစ်ကျော် အချိန်တွင် မန္တလေးမြေငလျင်စခန်း၏ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့်အကွာ မြန်မာနိုင်ငံပြည်တွင်း အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အား အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံး ထိခိုက် ပျက်စီးခဲ့ရသည့်အပြင် သမိုင်းဝင် သာသနိက အဆောက်အအုံများအပါအဝင် လူမှုဘဝတိုးတက်မြင့်မားရေး အထောက်အကူပြု အဆောက်အအုံများလည်း ပျက်စီးဆုံးရှုံးရခဲ့သဖြင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေငြာခဲ့ရသည်ဟု နှိုးဆော်စာက ဆိုသည်။
သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့(ဂိုဏ်းပေါင်းစုံ)က ဦးစီး၍ ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ရဟန်းရှင်လူ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် ဆက်သွယ် ထောက်ပံ့လှူဒါန်းနိုင်ရေးအတွက် မိမိတို့မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း တစ်ကျောင်းလျှင် ကျပ်(၁)သိန်းနှင့်အထက် ပါဝင်လှူဒါန်းနိုင်ရေး ဧပြီ ၂၀ ရက်နေ့ နောက်ဆုံးထား၍ စီစဉ်ဆောင်ရွက်သွားကြရန်နှင့် အလှူငွေများကို မြို့နယ်သံဃနာယကအဖွဲ့(သုဓမ္မာ)က စာရင်းဇယားနှင့်တကွ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့(သုဓမ္မာ)ရုံးသို့ ဆက်သွယ် လှူဒါန်းနိုင်ပါရန်လည်း သံဃာတော်အရှင်သူမြတ်များက နှိုးဆော် အကြောင်းကြား လျှောက်ထားခဲ့ကြောင်း သိရသည်။