
ဒီတစ်နေ့တာအတွင်း ငလျင်ကြောင့် ပြိုကျအပျက်အစီးပုံအောက် နာရီ ၁၀၀ ကျော်ကြာ ပိတ်မိခဲ့သူအမျိုးသားသုံးဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့
MT News
၂.၄. ၂၀၂၅
စစ်ကိုင်းမြို့က စွယ်တော်နန်းတည်းခိုခန်းပြိုကျမှုမှာ ၁၂၃ နာရီကြာ ပိတ်မိနေသူကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ထံက သိရပါတယ်။
မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်အချိန်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင် လှုပ်ခတ်မှုကြောင့် စစ်ကိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ အိုးတန်းရပ်၊ စွယ်တော်နန်း တည်းခိုခန်းမှာ အဆောက်အဦပြိုကျပြီး (၆)ရက်မြောက်၊ (၁၂၃)နာရီကြာ ပိတ်မိနေသူ အမျိုးသား(၁)ဦးကို ဒီနေ့လယ် ၃ နာရီကျော်မှာ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ သီးသန့်မီးသတ်တပ်ဖွဲ့၀င်တွေနဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၀င်တွေ၊ ပရဟိတအဖွဲ့အစည်းတွေ၊ မလေးရှားနိုင်ငံက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့၀င်တွေနဲ့ ခက်ခက်ခဲခဲ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး စစ်ကိုင်းဆေးရုံဆီ ပို့ဆောင်ပေးခဲ့တာပါ။







ဒီနေ့မနက်ကလည်း နေပြည်တော်က ပြိုကျသွားတဲ့ ဟိုတယ်အေးချမ်းသာက အသက် ၂၆ နှစ်အရွယ်သာ ရှိသေးတဲ့ ပြင်/ထိန်းဝန်ထမ်း ကိုနိုင်လင်းထွန်းကို သန်းခေါ်ကျော်ပြီးစ ဧပြီ ၂ ရက်နေ့အကူး ည ၁၂ နာရီခွဲမှာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သလို မွန်းလွဲ ၁ နာရီ ၅၅ မိနစ်မှာလည်း ၁၂၁ နာရီကျော်ကြာ ပိတ်မိနေသူ ကိုထက်မောင်မောင်ကို အသက်ရှင်လျက် ထပ်မံကယ်ထုတ်နိုင်ခဲ့လို့ ဒီတစ်နေ့တာအတွင်း အမျိုးသားသုံးဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တာပါ။