
၂. ၄ .၂၀၂၅
Written by Hey Mar
မန္တလေးမှာ ငလျင်ဘေးသင့် ပြည်သူတွေအတွက် ယာယီကယ်ဆယ်ရေး စခန်းအနေနဲ့ ၇၃ လမ်းနဲ့ လမ်း ၃၀ ထောင့်၊ မန္တလေးမြို့ကျုံးနားရှိ အရင်၂၀၁၆ ခုနှစ်က မီးလောင်ကျွမ်းခဲ့တဲ့ မင်္ဂလာဈေးဟောင်းနေရာမှာ ယာယီထားရှိ ခိုလှုံနေကြတယ်လို့ သိရပါတယ်။
မန္တလေး ကျုံးဘေးမှာလည်း ငလျင်ဘေးသင့်ပြည်သူတွေအတွက် မိသားစုနေထိုင်ဖို့ ယာယီမိုးကာတဲတွေကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က တည်ဆောက်ပေးနေပြီး ခန့်မှန်းခြေအားဖြင့် ယာယီတဲအလုံးပေါင်း ရာဂဏန်းတည်ဆောက်ပေးထားတယ်လို့ မြေပြင်ရှိ မြရည်နန္ဒာ လူမှုကူညီရေးအသင်းတာဝန်ရှိသူထံကနေ သိရပါတယ်။


“ယာယီတဲတွေက စည်ပင်နဲ့ တပ်က ဖြစ်ပြီး နောက်နေ့ပဲ ထိုးပေးနေတာပါ။ မန္တလေးက ကျွန်တော်တို့ ခန့်မှန်းခြေ ၂၅ ရာခိုင်နှုန်းလောက်တော့ သေကြေပျက်စီးကြပါတယ်ဗျ။ ကျွန်တော်တို့ ချမ်းမြသာစည်ဘက် ဖြစ်တဲ့ပုံတွေကြ စားသောက်ဆိုင်တွေက အထိနာတာပါ။ ဘာလို့ဆို စားနေသောက်နေရင်း ငလျင်လှုပ်တော့ လမ်းပေါ်တော့ ပြေးထွက်တာပဲ။ အဆောက်အဦလွတ်ရာအထိ မပြေးတော့ ပြိုကျတော့ ပိမိ သေဆုံးကြတာ များတယ်။ အခုက ကယ်ဆယ်ရေး ရပ်ပြီပေါ့။ လူရှင်လည်း မရှိသလောက်ဆိုတော့ ကရိန်းတွေ၊ ဘူဒိုဇာတွေနဲ့ပဲ အဆောက်အဦတွေကို ထိုးကော်နေပြီ၊ အဲ့အခါမှ အလောင်းထပ်ပေါ်ရင်လည်း ကျွန်တော်တို့က သွားယူ သင်္ဂြိုဟ်ပေးရပါတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကိုပြန်လည်ဖြေကြားပါတယ်။
လက်ရှိမှာတော့ အဆောက်အဦတစ်ခုလုံးလည်း ပြိုကျတာမဟုတ်ဘဲ ယိုင်သွားတာမျိုး လူနေထိုင်လို့ မရတော့တဲ့ နေရာမျိုးက အဆောက်အဦတွေ ဖြိုချဖို့ စက်ယန္တရား အခက်ကြုံနေတယ်လို့ ဆိုပါတယ်။
“အဆောက်အဦ ဖြိုချမှာမို့ Medical Cover လာပါဆိုပြီး ခေါ်လို့ သွားပေးရတယ်။ အဲ့ဒီမှာ သိခဲ့ရတာ ကိုယ့်အဆောက်အဦ ကိုယ်ဖျက်ရတယ်။ ကိုယ့်ဘာသာ စက်ငှားပြီး လုပ်ရတယ်။ ဘက်ဟိုးတွေ၊ ဘူဒိုဇာတွေ ဈေးက အရင်က ရှစ်သိန်းဆို အခု သိန်း နှစ်ဆယ်တောင်းနေလို့ အခက်ကြုံနေကြတယ်” လို့ လက်ရှိ မြေပြင်အခြေအနေတချို့ကို မြရည်နန္ဒာ လူမှုကူညီရေးအသင်းက ပြောပြပါတယ်။